ဧရာဝတီတိုင်းမ်
(ဝေါ)၊ အောက်တိုဘာလ ၁၁ ရက်

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံကျေးရွာတွင်စခန်းချနေသည့် စစ်ကောင်စီတပ်က ယနေ့အောက်တိုဘာလ ၁၁ ရက်နေ့၊ နံနက် ၇ နာရီဝန်းကျင်ကစတင်ပြီး ဒေသခံများနေထိုင်ရာ ကျေးရွာများအတွင်းသို့ ၁၂၀-မမ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ပျူ‌စောထီးတပ်ဖွဲ့ဝင်များ အခြေချနေထိုင်နေသည့် လက်ပံကျေး ရွာမှနေ၍ ၁၂၀ မမ လက်နက်ကြီး နှစ်လက်ဖြင့် လက်နက်ကြီး ၉ လုံးကို ဒေသခံများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ ပြည်သူပိုင်စပါးခင်းများ၊ နွားနှစ်ကောင်အပါအဝင် နေအိမ်၊ ဆိုင်ကယ်၊ စက်ဘီးများ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

“စစ်ကောင်စီက လက်နက်ကြီးပစ်နေတာကတော့ ပုံမှန်နီးပါးပစ်နေတယ်။ အရင်က ပစ်တာကတော့ သူတို့ကတော်လှန်ရေးအင်အားစုတွေရှိနိုင်မယ့်နေရာကို ပစ်တယ် ပေါ့နော်။ အခုနောက်ပိုင်းမှာ ထူးထူးခြားခြား ဒီလိုမျိုး ပြည်သူတွေနေတဲ့ရွာထဲကို ပစ်လာတာများလာတယ်။ ကိုးလပိုင်း၊ ဆယ်လပိုင်းမှာ ပိုများလာတယ်။ ပစ်ရင်လည်း အရပ်သားအိမ်တွေရှိတာတွေကို မရှောင်ပဲပစ်ထည့်တာတွေရှိတယ်” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ပံကျေးရွာရှိ စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သည့် ၁၂၀ မမလက်နက်ကြီးများသည် ကျိုက်ထိုမြို့နယ် အတွင်းရှိချောင်းဝကျေးရွာ၊ ရွှေကျင်မြို့နယ်ရှိ ဝင်းကံကျေးရွာ၊ ကလောမြောင်၊ လက်ပံရွာ အရှေ့ဘက် စစ်တောင်းမြစ်ကမ်းဘေးရှိ စပါးခင်းများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ‌အရပ်သားထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ်၊ လက်ပံကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများမကြာခဏပစ်ခတ်လေ့ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့က အဆိုပါ လက်ပံရွာရှိစစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်သားတစ်ဦး သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်။

ဓာတ်ပုံ – ပေးပို့
#ဝေါ #လက်နက်ကြီး #လက်ပံကျေးရွာ #စစ်ကောင်စီ #အကြောင်းမဲ့ပစ်ခတ် #Ayeyarwaddy_Times