
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၁ ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် စစ်အာဏာသိမ်းယူမှုကြောင့် တက္ကသိုလ်တက်ရောက်ခြင်းမရှိသည့် ကျောင်းသား၊ကျောင်းသူ များကို အောက်တိုဘာ ပထမအပတ်ကစ၍ မြို့နယ်စစ်ကောင်စီမှ စာရင်းကောက်ခံကာ ကျောင်းအတင်းအကျပ် တက်ရောက်ခိုင်းနေကြောင်း ဒေသခံများထံက သိရသည်။
သာပေါင်းမြို့နယ်ရှိ မြို့တွင်းရပ်ကွက်နှင့် ကျေးရွာများ၌ စစ်အာဏာသိမ်းယူမှုကြောင့် တက္ကသိုလ်ကျောင်းတက်ရောက်ခြင်းမရှိသည့် ကျောင်းသားကျောင်းသူစာရင်းများကို ကောက်ခံရန်အတွက် မြို့နယ်စစ်ကောင်စီမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို အောက်တိုဘာလ ၅ရက်နေ့က အစည်းအဝေးခေါ်ယူ၍ စေခိုင်းခံခဲ့ရကြောင်း ရပ်ကျေးအုပ်ချုပ်ရေး အသိုင်းအဝန်းထံက သိရှိရသည်။
” တက္ကသိုလ်မတက်တဲ့ ကျောင်းသားကျောင်းသူစာရင်းတွေကို လိုက်ကောက်ခိုင်းတာ။ အာဏာသိမ်းပြီးတော့ ကျောင်းမတက်တဲ့သူတွေ စာရင်းကောက်ခိုင်းတယ်။ စာရင်းကောက်မရဘူးဆိုတာမရှိရဘူး။ သန်းခေါင်စာရင်းနဲ့ကို အတိအကျလိုက်ကောက်ခိုင်းတာဆိုတော့ မလွယ်ဘူးဗျ”ဟု အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် မြို့နယ်စစ်ကောင်စီနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ ကျောင်းတက်ရောက်ခြင်းမရှိသူများအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တော်လှန်ရေးအင်အားစုများဖြင့် ဆက်သွယ်သည်ဟု အကြောင်းပြကာ အကြမ်းဖက်ပုဒ်မ၅၂ (က)ဖြင့် အမှုဖွင့်မည်ဟု ခြိမ်းခြောက်မှုများရှိနေကြောင်း ခြိမ်းခြောက်ခံရသည့် ကျောင်းသားကျောင်းသူများထံက သိရှိရသည်။
” ကျောင်းအတင်းတက်ခိုင်းနေတာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အိမ်ကမိဘတွေကပါ အတင်းကျောင်းတက်ခိုင်းနေတာဆိုတော့ မဖြစ်မနေတက်နေရတယ်။ မတက်ဘူးဆိုရင်လည်း NUG အားပေးဆိုပြီးတော့ အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်ခံရမယ်ဆိုပြီး ခြိမ်းခြောက်ခံရတယ်” ဟု ခြိမ်းခြောက်ခံရသည့် အမှတ်၁ ရပ်ကွက် မှ အမျိုးသမီးတစ်ဦးက ဆိုသည်။
သာပေါင်းမြို့နယ်တွင်ပြီးခဲ့သည့် ဇွန်လကလည်း မြို့တွင်းရပ်ကွက်များ၌ တက္ကသိုလ်နေ့သင်တန်း တက်ရောက်ခြင်းမရှိသည့် ကျောင်းသားကျောင်းသူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ အစည်းအဝေး ခေါ်ယူကာ အတင်းအကျပ် ကျောင်းတက်ရန် ဖိအားပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
#သာပေါင်း #ကျောင်းမတက် #တက္ကသိုလ် #ကျောင်းသားသူများ #စစ်ကောင်စီ #စာရင်းကောက်ယူကာ #ကျောင်းတက်ခိုင်း
#Ayeyarwaddy_Times