
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၁ ရက်
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဒေါင့်ချောင်းစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့၀င်များက ကုန်တင်ကားတစ်စီးလျင် ကျပ်ငွေတစ်သိန်း(၁၀၀,၀၀၀) အထက် ဆက်ကြေး တောင်းယူနေကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါစစ်ဆေးရေးဂိတ်သည် ဂွမြို့နယ် ဂွ-ငါသိုင်းချောင်း လမ်းပေါ်တွင်တည်ရှိပြီး ကုန်တင်ကားများအပြင် သံထည် အရေကြိုပစ္စည်းများတင်ဆောင်လာသည့် ကားများကိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီလက်အေက်ခံအဖွဲ့စုံများက ဆက်ကြေး ကောက်ယူ နေခြင်းဖြစ်ကြောင်း သိရသည်။
“ဒေါင့်ချောင်းဂိတ် ဂိတ်အတွင်းထဲ၀င်ပြီး စာရင်းပေးသွင်းပြီဆိုတာနဲ့ ငွေပေးရ တော့တာပဲ။ အရင်ကလည်းတောင်းတယ်။ အခု စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပိုပိုပြီးငွေတောင်းမှုတွေ ပိုတိုးလာတယ်။ လမ်းကြောင်းက ရခိုင်ပြည်နယ် ကနေ ရန်ကုန်ကို ဆက်သွယ်နေတော့ ကားတွေကလည်း အများကြီးဖြတ်တယ်။ သူတို့တော်တော် အလုပ်ဖြစ်နေတယ်” ဟု ကုန်ကားမောင်းသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီခန့် ဒေါင့်ချောင်းအုပ်ချုပ်ရေးမှူး ဦးခင်မောင်၊ စစ်ကောင်စီ၏ ခမရ-၅၆၂ တပ်မှ တပ်ကြပ်ကြီးဝင်းညွန့်နှင့်အဖွဲ့၊ စစ်ကောင်စီ လက်အောက်ခံများ ဖြစ်ကြသည့် ရဲ၊ စစ်ဖက်ရေးရာလုံခြုံးရေးအဖွဲ့ (စရဖ) ၊ သစ်တော၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန(လဝက) ၊ အခွန်ဌာန၊ ငါးဦးစီးနှင့် အဖွဲ့စုံရှိပြီး ဆက်ကြေးကောက်ယူ၍ ရရှိလာသည့်ငွေများကို ခွဲဝေယူကြကြောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် ဒေါင့်ချောင်းစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့၀င်များသည် ခရီးသွား ဒေသခံများကိုလည်း မျက်နှာနှင့် မှတ်ပုံတင်ရှိ ပုံနှင့်တိုက်၍ စစ်ဆေးမှုများလုပ်ဆောင်ကာ ငွေတောင်းယူမှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
#ဂွမြို့ #ဒေါင့်ချောင်းစစ်ဆေးရေးဂိတ် #စစ်ကောင်စီတပ်ဖွဲ့၀င် #ကုန်တင်ကားများ #ကျပ်ငွေတစ်သိန်းနှင့်အထက် #ဆက်ကြေးကောက် #Ayeyarwaddy_Times