
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၂ ရက်
ဧရာဝတီတိုင်း လေးမျက်နှာမြို့တွင် တစ်ပတ်ကျော်အတွင်း ညပိုင်းအချိန်လွန် အပြင်ထွက်သည်ဟု အကြောင်းပြ၍ လူငယ် အမျိုးသား(၂၀) ကျော်ကို စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီး၍ တစ်ဦးလျှင် ငွေကျပ် ငါးသိန်း ထက်မနည်း တောင်းခံမှုများ ရှိနေကြောင်း ဒေသခံများထံက သိရသည်။
လေးမျက်နှာမြို့၌ အောက်တိုဘာလ၁ရက်နေ့က စ၍ ၁၀ ရက်တာအတွင်း မြို့တွင်းရှိ ရပ်ကွက်နေရာနှင့် လမ်းဆုံတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညပိုင်းကင်းလှည့်နေစဥ်အတွင်း ညအချိန်ကျော်လွန်၍ အပြင်ထွက်သည်ဟုဆိုကာ လူငယ်အမျိုးသားများကို ဖမ်းဆီးခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် လူငယ်အမျိုးသားများက ပြောသည်။
” ရဲနဲ့စစ်တပ်တွေကို မြို့ထဲမှာ ည၈နာရီဆိုတာနဲ့ ကင်းပတ်နေတာတွေ့နေရတယ်။ကျွန်တော်က အလုပ်နဲ့ဆိုတော့ည ၉နာရီမှအိမ်ပြန်လာတာ။အဲဒါကို ညပိုင်းအချိန်လွန်ပြန်တယ်ဆိုပြီးတော့ အဖမ်းခံရတယ်။ပြန်လွှတ်ချင်ရင် နှစ်ဖွဲ့စလုံးကို ငွေ၁၀သိန်း ပေးရမယ်။ အဲဒါနဲ့ အိမ်ကိုဖုန်းဆက်ရတယ်။ အိမ်ကမတတ်နိုင်လို့ ငါးသိန်း နဲ့ဆို အဆင်ပြေပေးပါ ဆိုပြီး တောင်းတောင်းပန်ပန်ပြောမှပဲ ပြန်လွှတ်ပေးတာ။ ကျွန်တော်အပါအဝင် ငါး ယောက်လောက် အဖမ်းခံထားရတယ်”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် လူငယ်အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုကဲ့သို့ လုပ်ဆောင်ရန် မြို့နယ်ရဲမှူးမှ စေခိုင်းနေခြင်းဖြစ်ပြီး တစ်ပတ်လျှင်လူငယ် ၁၀ ဦးထက်မနည်း အကြောင်းမဲ့ဖမ်းဆီး၍ အမှုပြုလုပ်ရန်နှင့် ငွေညှစ်တောင်းခံရန်အတွက် ညွှန်ကြားထားခြင်း ဖြစ်ကြောင်း လေးမျက်နှာမြို့နယ်ရဲစခန်းနှင့် နီးစပ်သည့်ရဲသတင်း အရင်းအမြစ်ထံက သိရှိရသည်။
”မြို့နယ်ရဲမှူးက တမင်တကာကို အမှုဆင်ဖမ်းခိုင်းတာ။ မဖမ်းရင်လည်း ပြဿနာအရှာခံရတယ်။ တစ်ပတ်ကိုလူငယ် ၁၀ဦး မဖြစ်မနေဖမ်းခိုင်းတယ်။ ငွေညှစ်ရင်လည်း စခန်းမှူးနဲ့ မြို့နယ်မှူးပဲ ခွဲယူကြတာ။ ကျွန်တော်တို့က ယူလည်းမယူဘူး။ ရဲထဲကထွက်ဖို့ ကြိုးစားနေတာ ထွက်စာတင်လည်း ပြန်အပယ်ခံရတော့ ဒုက္ခရောက်နေတယ်” ဟု မြို့နယ်ရဲစခန်းနှင့် နီးစပ်သည့် ရဲသတင်းရင်းမြစ်က ဆိုသည်။
လေးမျက်နှာမြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာလအတွင်းကလည်း စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့မှ မြို့အတွင်းရှိ ရပ်ကွက်များတွင် ကင်းပတ်မှုများပြုလုပ်နေစဥ် ညပိုင်းအချိန်လွန်ထွက်ရှိသည်ဟုဆိုကာ လူငယ်အမျိုးသား ၃၅ ဦးထက်မနည်း ဖမ်းဆီးခံရပြီး တစ်ဦးလျှင် ငွေကျပ် ငါးသိန်း မှ ၁၀သိန်းကျပ် ထိ ပေးမှသာ ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဥ်များလည်း ရှိခဲ့သည်။
#လေးမျက်နှာ #ညပိုင်းအပြင်ထွက်သည်ဟုဆိုကာ #တစ်ပတ်ကျော် #လူငယ်၂၀ကျော် #ဖမ်းဆီး၍ငွေတောင်း #Ayeyareaddy_Times