
ဧရာ၀တီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လိုင်ဇာမြို့အနီးရှိ အောင်ဂျာဒေသမှာရှိသည့် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တိုက်ခိုက်သိမ်း ပိုက်ခဲ့ခြင်းကြောင့် ယမန်နေ့ အောက်တိုဘာ ၁၀ ရက်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီက အင်အားဖြည့်တင်းမှုများကို ပြုလုပ်နေပြီး လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့တွင် အောင်ဂျာရှိစစ်ကောင်စီ၏ တပ်စခန်းတစ်ခု သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အောက်တိုဘာ ၉ ရက်နေ့ ညပိုင်းမှစတင်ကာ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးနှင့် ပတ်၀န်းကျင်ရှိရွာများကို လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“စခန်းသိမ်းခံရပြီး စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ညပိုင်းကတည်းက တောက်လျှောက်ပစ်နေတာ။ သူတို့ပစ်လိုက်တဲ့ လက်နက်ကြီးက စစ်ရှောင်ရွာ ကိုကျပြီး သေဆုံးမှုတွေများခဲ့တယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်က အောက်တိုဘာ ၁၀ ရက် နံနက် ၁၀ နာရီမှစတင်ပြီး အောင်ဂျာ ဒေသကို အင်အားအများအပြားဖြည့်တင်းခဲ့၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး လေကြောင်းမှ တိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လိုင်ဇာမြို့ အနီးရှိ စစ်ရှောင်ရွာဖြစ်သည့် မုန်လိုင်ခက်ကျေးရွာ ထိခိုက်ပျက်စီးကာ စစ်ရှောင်ပြည်သူ ၃၀ ကျော် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီက ၎င်းတို့လုပ်ဆောင်ခြင်းမဟုတ်ကြောင်း အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ငြင်းဆိုဖြေကြားထားသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ- စစ်ကောင်စီမှ လိုင်ဇာမြို့အနီးကို အောက်တိုဘာ ၁၀ ရက်နေ့နံနက်ပိုင်းက လေကြောင်းမှ တိုက်ခိုက်နေသည့်မြင်ကွင်း
#ကချင်ပြည်နယ် #လိုင်ဇာမြို့အနီး #အောင်ဂျာစစ်ကောင်စီစခန်း #သိမ်းပိုက်ခံရ #လေကြောင်းအသုံးပြုတိုက်ခိုက်#Ayeyarwaddy_Times