ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၁၀ ရက်

ရာထူးမှဖယ်ရှားကာ ဖမ်းဆီစစ်ဆေးနေသည့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်ရန် နောင်စိုးတို့ကို စစ်ကောင်စီက ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့တွင် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်သည်ဟုဆိုကာ ထောင်ဒဏ်အနှစ် ၂၀ နှင့် ညီမျှသော တစ်သက်တစ်ကျွန်းဒဏ်ကို ချမှတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ စီးပွားရေးအရ အရေးပါသည့် ကော်မတီနှင့် ကော်မရှင်သုံးခု၏ ဥက္ကဋ္ဌနေရာများဖြစ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီဥက္ကဋ္ဌ တာ၀န်များယူ ထားသည် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် နိုင်ငံခြား သုံးငွေဆိုင်ရာ မူဝါဒ အရေးကြီးကုန်စည်ဆိုင်ရာ မူဝါဒ နှင့်ဆန့်ကျင်၍ ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ရယူ ဆောင်ရွက်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် နိုင်ငံတော်သစ္စာဖောက် ဖျက်မှုကို ကျူးလွန်ခြင်း၊ ကုန်စည်များကိုလည်း ရည်ညွှန်းဈေးထက် ရောင်းချသည်ကို သိလျက် အရေးယူရန် ပျက်ကွက်ခြင်း၊ လာဘ်စားခြင်း၊ ‌ဒေါ်လာငွေ လက်၀ယ်ထားရှိခြင်း၊ စစ်စည်းကမ်းများကိုဖောက် ဖျက်၍ အရပ်ဘက်စီးပွားရေး လုပ်ငန်းများတွင် ပါ၀င် ခြင်းတို့ ကျူးလွန်ခဲ့သောကြောင့် သက်‌ဆိုင်ရာ ဥပဒေ ပုဒ်မများဖြင့် စစ်ခုံရုံးက တစ်သက်တစ်ကျွန်းချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးချုပ်ရန်နောင်စိုးသည် ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်စဉ် ဒုတိယဗိုလ်ချုပ် ကြီးမိုးမြင့်ထွန်းနှင့်အတူပူးပေါင်း၍ လုပ်ပိုင်ခွင့်အား အသုံးပြုကာ စီးပွားရေးလုပ်ငန်းရှင်များအား နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေများကို လဲလှယ်ပေးခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေများကို လက်ခံရယူခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားငွေများကို တရားမဝင်လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်၍ အရပ်ဘက်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် ထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၎င်းတို့နှစ်ဦးကို စက်တင်ဘာလကစတင်ပြီး ဖမ်းဆီး စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ယခုကဲ့သို့ပြစ်မှုပုဒ်မ များတပ်၍ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

#ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း #ဗိုလ်မှူးချုပ်ရန်‌နောင်စိုး #တစ်သက်တစ်ကျွန်း #ချမှတ်ခံရ #Ayeyarwaddy_Times