
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၀ ရက်
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စစ်ကောင်စီက ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို ချိုးဖောက်သည့်အမှုနှင့် ဖမ်းဆီးခံထားရသူ ၂၀ကျော်ရှိကြောင်း သိရှိရသည်။
စက်တင်ဘာလအတွင်း ပုသိမ်၊ ညောင်တုန်း၊ ပန်းတနော်မြို့နယ်များတွင် စစ်ကောင်စီနှင့်ရဲများနှင့် လမ်းတွင်တွေ့ဆုံစစ်ဆေးခံရပြီးနောက် ညမထွက်ရအချိန်ကျော်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တစ်လအတွင်း ၂၂ ဦးရှိကြောင်း တိုင်းရဲတပ်ဖွဲ့ ၏စာရင်းများအရသိရှိရသည်။
” ၁၂ နာရီမကျော်ပေမယ့် အခန့်မသင့်ရင် လှည့်ကင်းနဲ့တိုးရင် ဖမ်းခြင်ဖမ်းတာ၊ မနက်စခန်းမှာ ငွေနဲ့ ညှိနိုင်ရင်ညှိပေါ့ နို့မို့ ထောင်ကျရော။ တစ်ကယ် ခိုးဆိုးလုနိုက်တွေကြ တစ်ခါမှမမိဘူး”ဟု ပုသိမ်မြို့ခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။
ညမထွက်ရအမိန့်ကြောင့် ဖမ်းဆီးခံရသည့် ဒေသခံအများစုသည် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး ရာအိမ်မှူးများနှင့် ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံရသူများဖြစ်ကာ ထွေအုပ်က တရားလိုပြုလုပ်၍ မြို့နယ်တရားရုံးကထောင်ဒဏ် တစ်လ အမိန့်ချမှတ်ခြင်းများရှိကြောင်းရဲတပ်ဖွဲ့နင့် နီးစပ်သူများကပြောသည်။
ဧရာ၀တီတိုင်းတွင် ညမထွက်ရအမိန့်ကို ည ၁၂ နာရီ ဟုသတိမှတ်ထားသော်လည်း အချို့ မြို့နယ်များတွင်စစ်ကောင်စီနှင့် ရဲများက ညစဥ် ၁၀ နာရီနောက်ပိုင်း အပြင်ထွက်သည့် ဒေသခံများကို ဖမ်းဆီးကာငွေတောင်းခြင်း၊ ရိုက်နှက်ခြင်းများပြုလုပ်နေကြောင်း ဒေသခံများထံမှသိရှိရသည်။
#ဧရာဝတီတိုင်း #ညမထွက်ရအမိန့် #စစ်ကောင်စီတပ် #Ayeyarwaddy_Times