နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၀ ရက်

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ဌာနချုပ်အနီးရှိ စစ်ဘေးရှောင်စခန်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ပြည်သူအများအပြား အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့၏ လုပ်ရပ် မဟုတ်ကြောင်း ငြင်းဆိုထားသော်လည်း စစ်ကောင်စီ၏ လုပ်ရပ်သာ ဖြစ်ကြောင်း KIA က ဧရာဝတီတိုင်းမ် သတင်းဌာနကို ဖြေကြားသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ အောက်တိုဘာ ၉ ရက်၊ ည ၁၁ နာရီ၀န်းကျင်ခန့်က စတင်၍ ကချင်ပြည်နယ်၊ KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး မုန်လိုင်ခက် စစ်ရှောင်စခန်းပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့ကြောင်း KIA နှင့် ဒေသတွင်း သတင်းများအရ သိရသည်။

ထိုသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသဖြင့် (၁၆)နှစ်အောက် ကလေးငယ် ၁၁ ဦးအပါအဝင် ပြည်သူ ၂၉ ဦး သေဆုံးကာ ပြည်သူ ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ထံက သိရသည်။

“စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ ဒရုန်းနဲ့ ပစ်တာပေါ့နော်။ ထိခိုက်သေဆုံးသူထဲမှာ တပ်ဖွဲ့ဝင်ကတော့ မပါဘူးခင်ဗျ။ ပြည်သူလူထု၊ အရပ်ဘက် အရပ်သားတွေပဲဗျ။ လောလောဆယ်တော့ ကျွန်တော်တို့ လိုင်ဇာပြည်သူ့ဆေးရုံမှာ ကုသပေးနေပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းသည် KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် ၂ မိုင်ခန့်သာ ကွာဝေးသည့် စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အာဏာသိမ်း စစ်ကောင်စီ၏ ပြန်ကြားရေးတာ၀န်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းက မုန်လိုင်ခက် စစ်ဘေးရှောင်ရွာရှိ ပြည်သူများ အစုလိုက် အပြုံလိုက် သေဆုံးမှုသည် ၎င်းတို့ပစ်ခတ်တိုက်ခိုက်မှု မဟုတ်ကြောင်း ငြင်းဆို ထားသည်။

“သူ(ဗိုလ်ချုပ်ဇော်မင်းထွန်း) ပြောတာ မှန်ကန်မှု မရှိဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ အဲဒီဗုံးကြဲသွားတဲ့ ပတ်ဝန်းကျင်မှာ စစ်တပ်အနေနဲ့ ၁၂၀-မမ လို့ ယူဆရတဲ့ အမြှောက်နဲ့ပေါ့နော်၊ ဆက်တိုက်ပစ်နေတဲ့ အနေအထားဖြစ်ပါတယ်။ အဲဒါကြောင့် ဒီဖြစ်စဉ်တွေ အားလုံးက သူတို့ပစ်တယ်။ သူတို့ လက်နက်ကြီးနဲ့ ပစ်ပါတယ် ဆိုတာကို ကျွန်တော်ထပ်ပြီး ပြောလိုပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက (၇၈)ကြိမ်မြောက် ကုလ သမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောဆိုခဲ့သလို ကုလသမဂ္ဂကလည်း လေးလေးနက်နက် စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်၊ ညပိုင်းကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါဒေသ ကံဆီးကျေးရွာတွင် KIO/KIA (၆၂)နှစ်ပြည့်အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ ပြုလုပ်နေစဉ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကချင်အနုပညာရှင်တချို့ အပါအဝင် လူ ၈၀ ဦးခန့် အစုလိုက်အပြုံလိုက် အသက်ဆုံးရှုံးခဲ့ရပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပုံစာ-မုန်လိုင်ခက် စစ်ရှောင်စခန်းပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲ ပြီးနောက် တွေ့ရစဉ်

#စစ်ကောင်စီတပ် #လိုင်ဇာ #မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း #ပစ်ခတ်တိုက်ခိုက်ခံရမှု #KIA #ဗိုလ်မှူးကြီးနော်ဘူ #Ayeyarwaddy_Times