
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၀ ရက်
စစ်ကောင်စီသည် ၎င်းတို့ကို လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်ပြောဆိုခြင်း၊ တော်လှန်ရေးနှင့်ပတ်သတ်သည့် အဖွဲ့အစည်းများကို ထောက်ခံရေးသားခြင်း၊ ပြောဆိုဆက်သွယ်ခြင်းများ ပြုလုပ်သည်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ မှ ယခု ၂၀၂၃၊ စက်တင်ဘာလအထိ တစ်နှစ်ကျော်ကြာကာလအတွင်း အရပ်သားပြည်သူ ၁၃၁၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း Data for Myanmar အစီရင်ခံစာအရသိရသည်။
ဖမ်းဆီးခံရသူများတွင် ဖေ့ဘွတ် လူမှုကွန်ရက်စာမျက်နှာပေါ်၌ စစ်ကောင်စီကို ဆန့်ကျင်သည့် ပို့စ်များ၊ ကွန်မင့်များ ရေးသားခြင်း၊ စစ်တပ် အာဏာသိမ်း စဉ်က လူထုဆန္ဒပြပွဲများတွင် ပါဝင်၍ ပုံတင်ထားသူများ၊ TikTok၊ တယ်လီဂရမ် အသုံးပြုသူများ ပါဝင်ပြီး စစ်ကောင်စီကို ဆန့်ကျင်ရေးသားပြောဆို ဆက်သွယ်မှုများကြောင့် လစဉ်ပျမ်းမျှ ၆၅ ဦးခန့်ဖမ်းဆီးခြင်းခံနေရကြောင်း သိရသည်။
“စစ်အာဏာရှင်တွေရဲ့ တွေးခေါ်ယူဆချက်တွေက ဗိုလ်နေဝင်းလက်ထက်မှသည် မအလ (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) လက်ထက်အထိ ဒီပုံစံပဲသွားတယ်။ အဲ့ဒီမှာ သူတို့ကို ဆန့်ကျင် ဖီဆန်ရင် လိုင်းပေါ်မှာပဲဖြစ်ဖြစ် အဲ့တာနဲ့ပါတ်သတ်ပြီး သူတို့က ရန်သူလို့ သတ်မှတ်တယ်။ အာဃာတကြီးတယ်။ တရားမဲ့ပြုကျင့်မှုတွေလုပ်လာတယ်။ အွန်လိုင်း ကနေစောင့်ကြည့်တယ်။ ဘာတွေရေးသလဲ။ အရေးအသားတွေက သူတို့ကိုဆန့် ကျင်နေတာလား။ PDF၊ NUG၊ NUCCကိုထောက်ခံနေတာလား ဆိုတာကြည့်တယ်။ အခုချိန်ထိလဲ တော်လှန်ရေးအင်အားစုတွေက ပြည်သူတွေရဲ့ထောက်ပံ့မှုနဲ့ ရပ်တည် နေတယ်ဆိုတာသူတို့သိတယ်။ အဲ့တာကြောင့် ပြည်သူနဲ့တော်လှန်ရေးကို စည်းခြားဖို့ ကြိုးစားတယ်။ တော်လှန်ရေးမှာ မပါဝင်အောင်၊ မကူညီအောင်၊ မပူးပေါင်းအောင် နည်းမျိုးစုံသုံးလာတဲ့အထဲမှာ အွန်လိုင်းကိုလည်း အဓိကထားလာတယ်” ဟု နိုင်ငံရေး အကျဉ်းသားများအဖွဲ့ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးခံရသည့် ပြည်သူ ၁၃၀၀ ကျော်အနက် ထက်ဝက်နီးပါးသည် ရန်ကုန်နှင့် မန္တလေးမြို့များမှဖြစ်ပြီး အများစုသည် ဖေ့ဘွတ်လူမှုကွန်ရက်ပေါ်တွင် ပြောဆို ရေးသားမှုများကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း Data for Myanmar ထံကသိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်းက လူမှုကွန်ရက်မှနေ၍ လှုံ့ဆော်ဝါဒဖြန့်ခြင်းပြုလုပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့်တည်ဆဲဥပဒေများအရ အရေးယူဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ဖမ်းဆီးခံရသူများကိုလည်း အဆိုပါပုဒ်မများနှင့် စွဲချက်တင်ကာ ဖမ်းဆီးထောင်ချမှုများပြုလုပ် နေခြင်းဖြစ်သည်။
“ဖမ်းဆီးပြီးရင်လည်း ပုဒ်မတွေကိုကြည့်ပြီး အကြောက်တရားတွေ စိမ့်ဝင်သွားအောင် လုပ်ထားတယ်။ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မတွေ အဲ့လိုမျိုးတွေနဲ့ အမှုဖွင့်အရေး ယူတာတွေလုပ်ပြတယ်။ တော်လှန်ရေးကို ထောက်ခံတဲ့သူ ဆင်းရဲ၊ ချမ်းသာ၊ ကျား၊မ မရွေး၊ လူမျိုးဘာသာမရွေး နေ့စဉ်နဲ့အမျှ အကြမ်းဖက်တာတွေ၊ ဖမ်းဆီးတာတွေ၊ ပုဒ်မအမျိုးမျိုးနဲ့ထောင်သွင်းအကျဉ်းချတာတွေ၊ ထောင်ထဲမှာ လူ့အခွင့်အရေးကို အဆိုးဝါး ဆုံးချိုးဖောက်ပြီး အကြောက်တရားနဲ့ခြိမ်းခြောက်ပြီးတော်လှန်ရေးမှာ ပြည်သူ လူထုမပူးပေါင်းအောင် ပျက်စီးအောင်လုပ်နေတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့ မှန်းချက်နဲ့နှမ်းထွက်က မကိုက်ပါဘူး” ဟု ဦးထွန်းကြည်က ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းပြီးချိန်ကစတင်၍ ယခုလ အောက်တိုဘာလ ၉ ရက်နေ့အထိ နှစ်နှစ်ကျော်ကြာကာလအတွင်း စစ်ကောင်စီ၏ မတရားဖမ်းဆီး ခြင်းခံခဲ့ရသူ ၂၅၂၆၄ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား များကူညီ စောင့်ရှောက်ရေးအသင်း(AAPP) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ – စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များက ပြည်သူတစ်ဦးကိုဖမ်းဆီးနေပုံ (ပုံဟောင်း)။
#စစ်ကောင်စီ #လူမှုကွန်ရက် #ဝေဖန်သူ၁၃၀၀ကျော်ဖမ်းဆီး #Ayeyarwaddy_Times