
ဧရာဝတီတိုင်းမ်
(ရေး)၊ အောက်တိုဘာလ ၁၀ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးမြို့ပေါ်ရှိမြသီတာဈေးအနီးတွင် ယနေ့ အောက်တိုဘာလ ၁၀ ရင် နံနက် ၉ နာရီဝန်းကျင်က အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအေးလွင်ကို ရေးဘီးလူးအဖွဲ့ကသေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူးဦးအေးလွင်(ခ)ကိုလတ်မှာ ရေးမြို့ရှိ ပျူစောထီးခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်းသိရပြီး ၎င်းအား နေအိမ်မှ အုပ်ချုပ်ရေးမှူးရုံးသို့သွားရာလမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရေးမြို့နယ်တစ်ခုလုံးမှာ စစ်ဆေးရေးတွေလုပ်ရင် စစ်တပ်က သူ့(ဦးအေးလွင်)ကို အဓိက ခိုင်းလေ့ရှိတယ်။ ဆိုင်ကယ်တွေစစ်ဆေးရင် အကြောင်းမရှိငွေတောင်းတယ်၊ ဖမ်းတယ်။ ပြည်သူတွေတိုင်တာလဲကြာပြီ။ သူကလည်း တပ်ကို နေ့တိုင်းအဝင်ထွက်ရှိပါတယ်။ သူ့မှာ လက်နက်ရှိပေမဲ့ ချက်ခြင်းမသေတော့မယူခဲ့ရဘူး။ ဆေးရုံမှာသေသွား ပြီလို့တော့ ကြားပါတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် အဆိုပါ အုပ်ချုပ်ရေးမှူးသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများကို ဖမ်းဆီးရာတွင် အဓိကလိုက်ပါသူတစ်ဦးဖြစ်ကြောင်းသိရသည်။ ထို့ပြင် ရပ်ကွက်အတွင်း မူးယစ်ဆေး သုံးစွဲသူများကို လက်နက်တပ်ဆင်ပေးကာ ပျူစောထီးအဖြစ် အဖွဲ့ဝင်ခိုင်း၍ အင်အားစုဆောင်းခြင်း၊ ရပ်ကွက်အတွင်းခိုးမှု၊ လုယက်မှုများကို ၎င်းမှဦးဆောင်၍ ပြုလုပ်ခြင်းများရှိကြောင်း ရေးဘီးလူးအဖွဲ့ထံကသိရသည်။
ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်သား၊ ရဲ၊ Non CDM ဝန်ထမ်းများနှင့် စစ်ကောင်စီ သတင်းပေးများကို နှုတ်ထွက်ရန်နှင့် လုပ်ဆောင်ခြင်းမပြုရန် ရေးဘီးလူးအဖွဲ့က သတိပေးထားပြီး ပြီးခဲ့သည့်အောက်တိုဘာလ ၁ ရက်နေ့ကလည်း ရေးအခြေစိုက် ခမရ ၅၈၃ ဒုတပ်ရင်းမှူးဝင်းထွန်းဦးကို ရေးဘီလူးအဖွဲ့က ပစ်သတ်ခဲ့သည်။
ဓာတ်ပုံ – ရေးဘီလူးအဖွဲ့
#ရေးမြို့ #မြသီတာစျေး #အုပ်ချုပ်ရေးမှူး #ပစ်ခတ်ခံရ #ပျူစောထီးခေါင်းဆောင် #ရေးဘီလူး #Ayeyarwaddy_Times