ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၁၀ ရက်

ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခက်စစ်ဘေးရှောင်ရွာ ပစ်ခတ်တိုက်ခိုက်ခံရမှုတွင် ထိခိုက်ဒဏ်ရာ ရရှိသူ ၅၇ ဦးရှိပြီး သေဆုံးသူဦးရေ ကလေး သူငယ်အပါအ၀င် ၃၀ ကျော်ကို ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့ နေ့လယ်ပိုင်းတွင် မြေမြုပ်သင်္ဂြိုဟ်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ အောက်တိုဘာ ၉ ရက် ည ၁၁ ‌နာရီကျော်ခန့်က စတင်၍ KIA/KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီး စစ်ဘေးရှောင်ရွာဖြစ်သည့် မုန်လိုင်ခက် ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လတ်တလောအတည်ပြုချက်အရ ကလေးသူငယ် ၁၃ ဦးအပါအ၀င် စစ်ရှောင်ပြည်သူ ၃၂ ဦးသေဆုံးထားပြီး သေဆုံး အရေအတွက် ဆက်လက်တိုးလာနိုင်ကြောင်း သိရသည်။

“ဖျက်အားပြင်း ဗုံးအမျိုးအစားနဲ့ အပစ်ခံရတာလို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် မီတာ ၅၀၀ အကွာအဝေးက အိမ်တွေတောင် ပြိုကုန်တာပါ။ သေဆုံးသူတွေကို ဒီနေ့ နေ့လယ်မှာ မြေမြုပ်သဂြိုဟ်ခဲ့ပါတယ်” ဟု ကချင်စစ်ရေးသတင်းမြစ်တစ်ဦး က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သူများကို ယနေ့ နေ့လယ် ၁၁ နာရီတွင် ဆု တောင်းပွဲပြုလုပ်၍ ၁၂ နာရီတွင် မြေမြုပ်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ပြန် ကြားရေးတာ၀န်ခံ ဗိုလ်ခ်ျုဇော်မင်းထွန်းက မုန်လိုင်ခက် စစ်ဘေးရှောင်ရွာရှိ ပြည်သူများ အစုလိုက် အပြုံလိုက် သေဆုံးမှုသည် ၎င်းတို့ပစ် ခတ်တိုက်ခိုက်မှုကြောင့် မဟုတ်ကြောင်း ယနေ့ နံနက်ပိုင်းက ပြောကြားထားသည်။

“ကျွန်တော်တို့အနေနဲ့လည်း စုံစမ်းနေဆဲဖြစ်ပါတယ်။ တစ်ခုက ကျွန်တော်တို့အနေနဲ့က နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အမြဲတမ်းထိန်းသိမ်းဆောင်ရွက်လျက်ရှိတယ်။ ဒီနယ်စပ်ဒေသနဲ့ နီးတဲ့နေရာမှာ ညသန်းခေါင်အချိန်လောက်ကြီးမှာ ဗုံးကြဲ တိုက်ခိုက် တယ်လို့ လက်နက်ကြီးနဲ့ ပစ်ခတ်တယ်တို့ဆိုတာ ဖြစ်နိုင်သလားဆိုတာ စဉ်းစား စေချင်ပါတယ်”ဟု စစ်ကောင်စီ၏ပြန်ကြားရေး တာ၀န်ခံဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုထားသည်။

မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၏ အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားသည့် အစီအစဉ်တွင် ထည့်သွင်းပြောကြားသွားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လေးလေးနက်နက် စိုးရိမ်ပူပန်နေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပြီး IDP စခန်းများသည် ဒုက္ခသည်များ၏နေရာဖြစ်ပြီး အရပ်သားများ မည်သည့်နေရာတွင် ရောက်ရောက် ပစ်မှတ်မဖြစ်သင့်ဟု ဆိုထားသည်။

ပုံစာ-မုန်လိုင်ခက်စစ်ဘေးရှောင်ရွာပစ်ခတ်တိုက်ခိုက် ခံရမှုကြောင့် သေဆုံးသူများအား မြေမြုပ်သင်္ဂြိုဟ်ရန် ပြင်ဆင်နေစဉ်

#စစ်ကောင်စီတပ် #လိုင်ဇာ #မုန်လိုင်ခက်စစ်ဘေးရှောင်ရွာ #ပစ်ခတ်တိုက်ခိုက်ခံရမှု #သေဆုံးသူ၃၀ကျော်မြေမြုပ်သင်္ဂြိုဟ် #Ayeyarwaddy_Times