
နွေဦးမောင် /ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၀ ရက်
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းတွင် ဧရာဝတီတိုင်းမှ စစ်သင်တန်းဆင်းထားသည့် ပျူစောထီး ဆိုသူများကို တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းမှ ပျူစောထီးများသည် တရုတ်ဝမ်ပေါင် ကြေးနီစီမံ ကိန်းတွင် တာဝန်ထမ်းဆောင်ရန် ဝင်ရောက်လာသူများဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့တွင် နှစ်ဦး၊ အောက်တိုဘာ ၈ ရက်နေ့တွင် လေးဦး ဖမ်းဆီးရမိခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင် များထံက သိရသည်။
“ ၇ ရက်နေ့နဲ့ ၈ ရက်နေ့တွေမှာ ဖမ်းဆီးရမိခဲ့တာပါ။ သုံး ယောက်ကတော့ ဖမ်းဆီး နေချိန်မှာ ထွက်ပြေးသွားတယ်။ အားလုံးပေါင်း ခြောက်ယောက် ဖမ်းဆီးရမိထား ပါတယ်။ ဖမ်းဆီးရမိသူတွေကိုတော့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အပ်နှံပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု တော်လှန်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်း အနီးတဝိုက်တွင် လုံခြုံရေး ယူပေးထားပြီး အဆိုပါကြေးနီ စီမံကိန်းအတွင်း ရောက်ရှိနေသည့် ပျူစောထီး အရေအတွက်ကိုမူ မသိရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ ဝင်က ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့ကလည်း တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းတွင် စစ်ကောင်စီတပ်နှင့်အတူ စစ်ရေးတာဝန်များထမ်းဆောင်ရန် ရောက်ရှိလာသည့် ဧရာဝတီတိုင်းသား စစ်သင်တန်းဆင်း ပျူစောထီး ၁၄ ဦးကို ချင်းတွင်းဂဠုန်ရာဇာ တော်လှန်ရေးတပ်ဖွဲ့ (CGYDF) က ဖမ်းဆီးရမိခဲ့သည်။
စစ်ကောင်စီသည် ဧရာဝတီတိုင်းတွင် လူသစ်စုဆောင်း၍ ပြည်သူစစ်သင်တန်းများ ပေးခြင်း၊ စစ်သင်တန်းတက်ရောက်ပြီးသူများကို အလုပ်အကိုင်များ စီစဉ်ပေးမည်ဟု ဆိုကာ စစ်ကိုင်းတိုင်းအတွင်းသို့ ပို့ဆောင်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံ သတင်းရင်းမြစ်များ ထံကသိရသည်။
ပုံစာ- ဖမ်းဆီးရမိသူများ
#တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်း #ဧရာ၀တီတိုင်း #စစ်သင်တန်းဆင်း #ပျူစောထီး #ထပ်မံဖမ်းဆီးရမိ #Ayeyarwaddy_Times