
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၀ ရက်
ပြီးခဲ့တဲ့အပတ်အတွင်း ချတ်တူချက်ခ်ရှိ နေအိမ်မှာ ဓားထိုးခံရမှုကြောင့် သေဆုံးခဲ့တဲ့ ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်း ဝီချစ်ချစ်ဝီမန်း သေဆုံးမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသားတစ်ဉီးကို ထိုင်းရာဇဝတ်တရားရုံး က ဖမ်းဝရမ်းတစ်ခု ထုတ်လိုက်ပါတယ်။
ဖမ်းဝရမ်းထုတ်ခံရတဲ့ ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူ မြန်မာနိုင်ငံသားဟာ ဝီချစ်က အလုပ်ခန့်ထားတဲ့ အသက် ၁၉ နှစ်အရွယ် စိုင်းမြတ်မိုးဖြစ်တယ်လို့ မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ရဲဗိုလ်ချုပ် နော့ပါ ဆစ်ပွန်ဆာဝပ်က ပြောပါတယ်။
စိုင်းမြတ်မိုးက မြန်မာနိုင်ငံတွင်းသို့ နယ်စပ်ကိုဖြတ်ကျော်ပြီး ဝင်ရောက်ခဲ့ဖွယ်ရှိတယ်လို့ သူက ဆိုပါ တယ်။ ပြစ်မှုကျူးလွန်သူလို့သံသယရှိသူကို ခြေရာခံနိုင်ဖို့ ထိုင်းရဲတပ်ဖွဲ့က အင်တာပိုလ်ကို အနီရောင်သတိပေး ချက် ထုတ်ပြန်ဖို့ တောင်းဆိုမယ်လို့ သိရပါတယ်။
အသက် ၆၃ နှစ်အရွယ် ဝီချစ်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သူရဲ့နေအိမ်မှာ ဓားထိုးသွင်းဒဏ်ရာ ၃ ချက်နဲ့ သေဆုံးလျက် တွေ့ရှိခဲ့တာဖြစ်ပါတယ်။
နေအိမ်ရှိ မီးဖိုခန်းအတွင်း ထားရှိထားတဲ့ ဓားတွေလို့ ယူဆရတဲ့ သွေးစွန်းနေတဲ့ ဓားနှစ်လက်ကို အခင်း ဖြစ်ရာနေရာမှာ တွေ့ရှိခဲ့တယ်လို့ ပွန်ဆာဝပ်က ပြောပါတယ်။
ဝီချစ်ဟာ စက်တင်ဘာလ ၉ ရက်မှာ နေအိမ်သို့ ပြောင်းရွှေ့ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောကြားခဲ့ပြီး ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူက စက်တင်ဘာလ ၁၉ ရက်က ဝီချစ်ရဲ့အိမ်မှာ အလုပ်စ
လုပ်တာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ယခုဖြစ်စဉ်ဟာ လုယက်မှုဖြစ်မယ်လို့ ရဲတပ်ဖွဲ့က ယူဆနေပြီး ဝီချစ်ရဲ့ မိုဘိုင်းဖုန်းတွေ၊ ကွန်ပြူတာတွေ နေအိမ်ကနေ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
လူသတ်မှုဖြစ်ပွားပြီး ခဏအကြာမှာ ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူဟာ ဈေးဝယ်စင်တာတစ်ခုရဲ့ ATM စက်တစ်ခုမှ ဂဏန်း ၆ လုံးအထိရှိတဲ့ ငွေကြေးအမြောက်အများ ထုတ်ယူခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။
ကိုးကား – Bangkok Post
Ref; Cops hunt Myanmar teen over ex-envoy’s slaying