
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ အောက်တိုဘာလ ၁၀ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရပ်တော်မူဘုရားအနီးတွင် တပ်စွဲ ထားသည့် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးခဲ့ကြောင်း ထားဝယ်ပြောက်ကျား တော်လှန်ရေး တပ်ဖွဲ့ Dawei Guerrilla Revolutionary Force – DGRF က ယမန်နေ့ အောက်တိုဘာ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၄ ရက် နံနက် ၇ နာရီခန့်က ရေဖြူတံတားအနီးရှိ ရပ်တော်မူဘုရားတွင်တပ်စွဲထားသော စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို အလစ်အငိုက်သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
” ကျွန်တော်တို့က နေရာ အသေချာယူပြီးမှ သူတို့ ( စစ်ကောင်စီ) ရဲ့အလစ်ကို ပစ်ခဲ့တာပါ။ အဲဒီ စစ်ဆေးရေးဂိတ်မှာက စစ်သား(စစ်ကောင်စီတပ်သား)တွေ ၂၀ ကျော်လောက်ရှိတယ် ။စစ်သား လေး ဦးကတော့ ချက်ကောင်းထိပြီး နေရာမှာတင် သေသွားတာကိုမြင်တယ်။ ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်။ ဒဏ်ရာရတဲ့သူတွေထဲက ဆေးရုံအရောက်မှာ နှစ် ယောက်ထပ်သေတယ်လို့သိရတယ်။ ပစ်ခတ်နေစဥ်မှာပဲ အနီးမှာရှိတဲ့ ကျောက်ကညှာအမြောက်တပ်က လက်နက်ကြီး နဲ့ပစ်ကူပေးလို့ ကျွန်တော်တို့ ပြန်လည် ဆုတ်ခွာခဲ့ရတယ်”ဟု DGRF တပ်ခွဲ (၄) မှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုသည် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်သား ခြောက်ဦး သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်းသိရသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို Dawei Guerrilla Revolutionary Force – DGRF တပ်ခွဲ (၄)၊ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)၊ထားဝယ်နဂါးတပ်ခွဲ နှင့် ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင် ခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ-DGRF
#ရေဖြူမြို့ #ရပ်တော်မူဘုရားအနီး #တပ်စွဲထားသည့်စစ်ကောင်စီတပ် #ပစ်ခတ်ခံရ #၆ဦးသေဆုံး #Ayeyarwaddy_Times