ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၀ ရက်

အောက်တိုဘာလဆန်းပိုင်းမှ စတင်၍ စက်သုံးဆီဈေးများ တရိပ်ရိပ်ကျဆင်းလာနေပြီး တစ်ပတ်အတွင်း စက်သုံးဆီ တစ်လီတာ ၄၀၀ ကျော်အထိ ကျဆင်းလာသော်လည်း စက်သုံးဆီ အရောင်းဆိုင်တချို့တွင် ဓာတ်ဆီ ၉၂ နှင့် ၉၅ ဝယ်ယူရာတွင် အခက်အခဲများ ဖြစ်နေကြောင်း စုံစမ်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၉ ရက်နေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာလျှင် ၁၉၄၅ ကျပ် ၊ ၉၅ တစ်လီတာလျှင် ၂၀၄၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၂၆၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၂၂၅ ကျပ်ရှိခဲ့ပြီး ယခင်ပတ်ကထက် ၂၀၀ ကျပ်မှ ၄၀၀ ကျပ်အထိ ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီထံက သိရသည်။

ထိုသို့ စက်သုံးဆီဈေးကျဆင်းသဖြင့် ဝယ်ယူမှုများပြားနေပြီး စက်သုံးဆီဆိုင်များ တွင်လည်း ဆီကိုလိုသလောက် ရောင်းချနိုင်ခြင်းမရှိကြောင်းသိရသည်။

“ကမ္ဘာ့ရေနံဈေးကျပြီးတော့ လျော့ဈေးနဲ့မရောင်းချင်လို့ ဆီထုတ်မရောင်းတာ တွေရှိ တယ်။ ဆီကိုထိန်းရောင်းတာမျိုးပါ။ ဆိုင်မှာရှိသလောက်ပဲရောင်းပြီး လိုတာထပ်မဖြည့် တာမျိုးပေါ့။ နောက်တစ်ခုက သီလဝါမှာ ကားလမ်းပိတ်ပြီး ဆီဘောက်ဆာကားတွေ မရောက်တာလည်းပါတယ်လို့သိရတယ် ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိစက်သုံးဆီဆိုင်များတွင် ဆီထည့်မည့်ကားများ တန်းစီစောင့်ဆိုင်းနေကာ အချို့ဆိုင်များတွင် အကန့်အသတ် ဖြင့်ရောင်းချပေးပြီး အချို့ဆိုင်များတွင်မူ ဆီရောင်းချခြင်း မရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စက်သုံးဆီအရောင်းဆိုင်များအတွက် သက်ဆိုင်ရာကုမ္ပဏီများသည် စက်သုံးဆီဝယ်ယူ ရေးကို စစ်ကောင်စီထံ လျှောက်ထားရပြီး ယခုလို urgent အရေးပေါ်လိုအပ်ချိန်တွင် စက်သုံးဆီဝယ်ရေးအတွက် စာတင်ရသဖြင့် နောက်ကျကာ ဈေးကွက်ထဲတွင် စက်သုံးဆီပြတ်လပ်ရခြင်းဖြစ်သည်ဟု စက်သုံးဆီ စျေးကွက်နှင့် နီစပ်သူများက ဆိုသည်။

စက်သုံးဆီကို လက်လီ၊ လက်ကားရောင်းချနေသော ကုမ္ပဏီများသည် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်မှစတင်ကာ အချိုးကျစနစ်ဖြင့် ဝယ်ယူနေရကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#စက်သုံးဆီဈေးကျ #တစ်လီတာ၄၀၀ကျော်ကျဆင်း #ဓာတ်ဆီ92 #ဓာတ်ဆီ95ဝယ်မရ #Ayeyarwaddy_Times