
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၀ ရက်
ဂါဇာဒေသမှ ဟားမာစ်အဖွဲ့ရဲ့ မျက်နှာစာပေါင်းစုံမှ တိုက်ခိုက်မှုကို လက်တုံ့ပြန်ဖို့နဲ့ ထိုးစစ်ဆင်မှုပြုလုပ်ဖို့ အစ္စရေးစစ်တပ်က အရန်တပ်ဖွဲ့ဝင် ၃၀၀၀၀၀ ကို စံချိန်တင် ဆင့်ခေါ်လိုက်တယ်လို့ အစ္စရေးစစ်တပ် အကြီးအကဲ ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
စနေနေ့က ဟားမာစ်အဖွဲ့ရဲ့ ရုတ်တရက် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ပါလက်စတိုင်းသေနတ်သမား တွေ သိမ်းပိုက်ထားတဲ့ နယ်စပ်ကျေးရွာတွေ၊ မြို့တွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ အစ္စရေးစစ်တပ်က ဂါဇာဒေသရှိ ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
နယ်စပ်ကျေးရွာတွေ၊ မြို့တေွ ပြန်လည်သိမ်းပိုက်ဖို့ လုပ်ဆောင်ခဲ့ပြီးဖြစ်ပေမယ့် သေနတ်သမားအချို့ လှုပ်ရှားမှုရှိဆဲဖြစ်တာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ အစ္စရေးစစ်တပ် အကြီးအကဲရဲ့ ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်ချုပ် ဒန်နီရယ်ဟာဂါရီက ပြောပါတယ်။
“ကျွန်တော်တို့ အခု အသိုင်းအဝိုင်းတွေအားလုံးမှာ ရှာဖွေရေးတွေ လုပ်ဆောင်နေပြီး နယ်မြေရှင်းလင်းနေ ပါတယ်” လို့ သူက ရုပ်သံရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။
ဂါဇာဒေသမှာ တန်ပြန်ထိုးစစ်ဆင်မှု မလုပ်ဆောင်မီ နယ်စပ်ရှိ အစ္စရေးပိုင်နက်ဘက်ခြမ်းမှာ ရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ အစ္စရေးစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။
စနေနေ့နောက်ပိုင်း အရန်တပ်ဖွဲ့ဝင် ၃၀၀၀၀၀ အထိ စံချိန်တင် ဆင့်ခေါ်ခဲ့တယ်လို့ ဟာဂါရီက ပြောပါ တယ်။ “ကျွန်တော်တို့ အရန်တပ်ဖွဲ့ဝင် ဒီလောက်အများကြီး မဆင့်ခေါ်ဖူးပါဘူး။ ကျွန်တော်တို့ ထိုးစစ်ဆင်တော့ မှာဖြစ်ပါတယ်” လို့ ဟာဂါရီက ဆိုပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင် ၇၃ ဉီး အပါအဝင် နယ်စပ်က အစ္စရေးဘက်ခြမ်းမှာ ပြည်သူ ၇၀၀ ကျော် သတ်ဖြတ်ခံ ခဲ့ရပြီး ရာနဲ့ချီတဲ့ ပါလက်စတိုင်း သေနတ်သမားတွေကို သုတ်သင်ခဲ့တယ်လို့ သူက အတည်ပြုပါတယ်။
ကိုးကား – Reuters
Ref; Israel drafts 300,000 reservists as it goes on the offensive