
ဧရာ၀တီတိုင်းမ်
အောက်တိုဘာ ၁၀ ရက်
ကချင်ပြည်နယ်၊ KIA/KIO ဌာနချုပ်ရှိသည့် လိုင်ဇာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ရာ စစ်ရှောင်စခန်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁၃ ဦးအပါအ၀င် သေဆုံးပြည်သူ ၃၂ ဦးထိရှိကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကောင်စီတပ်က ယမန်နေ့ အောက်တိုဘာ ၉ ရက်နေ့ ည ၁၁ နာရီ၀န်းကျင်ခန့်မှစတင်ပြီး လက်နက်ကြီးများ စတင်ပစ်ခတ်နေခြင်းဖြစ်ပြီး ပြည်သူများနေထိုင်သည့် မုန်လိုင်ခက်စစ်ရှောင်စခန်းပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ညကတည်းက တောက်လျှောက်ပစ်နေတာ လက်နက်ကြီးနဲ့။ စစ်ဘေးရှောင်စခန်းကို ည ၁ နာရီလောက်မှ လက်နက်ကြီးကျတာ။ သေတာမှမနည်းဘူး။ စစ်ဘေးရှောင်နေတဲ့ camp ကိုကျတာပေါ့”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီကပစ်ခတ်သည့် လက်နက်ကြီးကျည် ကျ ရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူ ကလေးငယ် ၁၃ ဦးအပါအ၀င် ပြည်သူ ၃၂ ဦးအထိရှိကာ အမျိုးသမီးအများဆုံးသေဆုံးပြီး နေအိမ် ၅၀ ကျော်အထိ ထိခိုက်ပျက်ဆီးသွားကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်စခန်းသည် လိုင်ဇာမြို့နှင့် ၂ မိုင်ခန့်သာကွာဝေးသည့် စစ်ဘေးရှောင်းခန်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
အလားတူ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျင်းပမည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ရေးထိုးခြင်း ၈ နှစ်ပြည့်အခမ်းအနားမှာ စစ်ကောင်စီဘက်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIO/KIA)ကို ဖိတ်ကြားစာပေးပို့ခဲ့သလို တစ်ဖက်မှာလည်း ယခုလို လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကိုထပ်မံကျူးလွန်ခဲ့ခြင်းဖြစ်သည်။
#ကချင်ပြည်နယ် #လိုင်ဇာ #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ် #စစ်ဘေးရှောင် #မုန်လိုင်ချက် #ကလေးသူငယ် #သေဆုံး
#Ayeyarwaddy_Times