
ဧရာဝတီတိုင်းမ်
(မတူပီ)၊ အောက်တိုဘာလ ၉ ရက်
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်တွင် ကုန်စည်အချို့ ပြတ်လပ်မှုကြုံနေရပြီး ယခင်၊ စက်တင်ဘာ လကုန်ပိုင်းမှ စတင်၍ ကုန်ဈေးနှုန်းတန်ဖိုးမှာလည်း တစ်ဆခန့် မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။
မတူပီ-ဟားခါးလမ်းနှင့် မတူပီ-ပခုက္ကူလမ်းကြောင်းတို့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားပြီး အဓိကကုန်သွယ်ရေးလမ်းကြောင်းများကို မကြာခဏပိတ်ထားခြင်းနှင့် လမ်းပန်ဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြောင့် ကုန်စည်အချို့ပြတ်လပ်ကာ ကုန်ဈေးနှုန်းတက်ခြင်း ဖြစ်ကြောင်းသိရသည်။
“ယခင်လက ဓာတ်ဆီတစ်ဂါလံကို တစ်သောင်းကျပ်ကနေ ယခု တစ်သောင်းခွဲပေးရတယ်။ ထန်လျှက် တစ်ပိဿာ တစ်ထောင်ကျပ်ကနေ အခုနှစ်ထောင်ကျပ်အထိ တိုးသွားပြီ။ ဓာတ်ဆီတွေလည်း အရင်လို ဝယ်လို့ လိုချင်သလောက် မရတော့ဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
ပြီးခဲ့သည့် ဩဂုတ်လက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော မတူပီ-ဟားခါးလမ်းမကြီးတလျှောက်တွင် ကားလမ်းများ ဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီး တစ်လခန့် ကုန်စည်ပြတ်တောက် ခဲ့သေးသည်။
အဆိုပါပျက်စီးသွားသော မတူပီ-ဟားခါးလမ်းကို ပြန်လည်ပြုပြင်ပြီးနောက် ယခင်အတိုင်း ကုန်တင်ယာဉ်အချို့ ပြန်လည်သွားလာနေသော်လည်း လက်ရှိတွင် ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-မတူပီမြို့
#ချင်းပြည်နယ် #မတူပီ #လမ်းပန်းဆက်သွယ်ရေးအခက်အခဲ #ကုန်ဈေးနှုန်း #တဆခန့်မြင့်တက်