
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၉ ရက်
ပဲခူးတိုင်း၊ ပဲခူးမြို့တွင် ဗိုလ်ကြီးအဆင့်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် (DSTA) ကျောင်းဆင်းအရာရှိ ဟောင်းတစ်ဦးကို မူးယစ်ဆေးဝါးများအပြင် လက်နက်နှင့် အတူ ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိကြောင်း သိရသည်။
ဖမ်းဆီးခံရသူသည် DSTA ကျောင်းဆင်းအရာရှိဟောင်း ကိုလွင်ထူးအောင် ဖြစ်ပြီး ၎င်း မောင်းနှင်လာသည့် 6R-6622 ကားပေါ်မှ မူးယစ်ဆေးဝါးများအပြင် ပစ္စတို သေနတ် တစ်လက်၊ ငွေကျပ် ၁၀ သိန်း နှင့် i Phone နှစ်လုံး တို့ကိုရှာဖွေတွေ့ရှိ၍ ပဲခူးမြို့ ၊ အမှတ် ၃၆ မူးယစ်အဖွဲ့မှ ပဲခူးဂိတ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။
“ဆေးတွေက KTV မှာအများဆုံးသုံးတဲ့ Kဆေးတွေ E ဆေးတွေပါ။ ဒီလူက ဒါတွေ လုပ်နေတာကြာပြီ။ စစ်တပ်ကနေပြုတ်လာတော့ စောထူးအောင် နာမည်နဲ့ BGF မှာ ဗိုလ်အဆင့်နဲ့၀င်လုပ်သေးတယ်။ သူမိသားစုအားလုံးက ဝန်ထမ်းတွေကြီးပဲ၊ လက်ရှိမှာ တော့ သူ့ကို အချုပ်ထဲမှာထည့်ထားပြီး စစ်ဆေးနေတုန်းပါ” ဟု ပဲခူးမြို့ မူးယစ်အဖွဲ့ တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
DSTA ကျောင်းဆင်းအရာရှိဟောင်း ကိုလွင်ထူးအောင်သည် တပ်မတော် နည်းပညာ တက္ကသိုလ် ပြင်ဦးလွင် DSTA အပတ်စဥ် (၁၆) ဆင်းဖြစ်ကာ ၂၀၁၉ ခုနှစ်တွင် စစ်စည်းကမ်း ချိုးဖောက်မှုနှင့် ထောင်ဒဏ်ချမှတ်ခံရပြီး ထောင်ကျခဲ့ကြောင်း သိရသည်။
ကို လွင်ထူးအောင်သည် ဗိုလ်မှူးကြီး (ငြိမ်း) ဦးယုလွင်၏ သားဖြစ်ပြီး မန္တလေးမြို့တွင် နေထိုင်ကာ မှုးယစ်ဆေး၀ါးများနှင့် လက်နက်အရောင်းအ၀ယ်ကိစ္စများကို ပြုလုပ်ကာ လောက်ကိုင်ဘက်သို့ သွားရောက်ရောင်းချနေသူဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူများ ထံက သိရသည်။
လက်ရှိတွင် DSTA အရာရှိဟောင်း လွင်ထူးအောင်ကို စစ်ကောင်စီလက်အောက်ခံ အမှတ် (၃၆) မူးယစ်တပ်ဖွဲ့စုမှူးရုံး ပဲခူးမြို့တွင် စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ဆိုသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
#ပဲခူးမြို့ #DSTAကျောင်းဆင်း #အရာရှိဟောင်းဗိုလ်ကြီး #မူးယစ်ဆေးဝါး #လက်နက် #ဖမ်းဆီးခံရ #Ayeyarwaddy_Times