
နွေဦးမောင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၉ ရက်
ဧရာဝတီတိုင်းအတွင်းရှိ မြို့အဝင် အထွက်များတွင် ယခု စက်တင်ဘာလကုန်ပိုင်းမှစ၍ စစ်ကောင်စီ တပ်သားများ ဂိတ်ပြန်စောင့်နေပြီး စစ်ဆေးရေးဂိတ်များ ပြန်လည်ချထား ကြောင်း ဒေသခံများထံက သိရသည်။
ထိုသို့ ပြန်လည်ချထားသည့် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်သား အနည်းငယ်သာ ရှိပြီး ကင်းပုန်းပုံစံဖြင့် ထားရှိသည်ကို တွေ့ရကြောင်း ဒေသခံများက ဆိုသည်။
“ ခုဂိတ်တွေမှာ စစ်သားတွေ ပြန်စောင့်နေတာ လေး ငါး ရက်လောက်ပဲ ရှိသေးတယ်။ ဂိတ်တွေမှာတော့ တစ်ယောက်နှစ်ယောက် လောက်ပဲ ရှိတယ်။ လူတွေမမြင်နိုင်မယ့် နေရာတွေမှာ ကင်းပုန်းပုံစံမျိုးတွေထားတာ။ ရန်ကုန်ကနေ ဧရာဝတီတိုင်းထဲဝင်တဲ့ ပန်းလှိုင်ဂိတ်၊ မယ်ဇလီဂိတ်၊ တွံတေးဘက်ကဝင်တဲ့ လကျ်ားကြီးဂိတ်၊ မအူပင်မြို့နဲ့ ကျိုတ်လတ်မြို့ကြားထဲကဂိတ်တွေအပြင် မအူပင် ရေလဲ ဘက်ကထွက်တဲ့ ဗိုလ်ချုပ်ကြေး ရုပ်မှာပါ စစ်သားတွေ စောင့်နေကြတာတွေ့တယ်” ဟု ဒေသခံအမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ဧရာ၀တီတိုင်းအတွင်းရှိ မြို့အဝင်အထွက်များတွင် စစ်ဆေးရေးဂိတ်များထားရှိ၍ ခရီးသွားလာနေသည့် ယာဥ်များကို စစ်ဆေးခဲ့သော်လည်း ပြီးခဲ့သည် ဇူလိုင်လမှစတင်၍ ဂိတ်များတွင် ထားရှိသည့် စစ်ကောင်စီတပ်သားများကို ပြန်လည်ခေါ်ယူခဲ့သည်။
“မအူပင်မြို့အဝင်တံတားဂိတ်မှာတော့ စစ်သား တစ်ယောက် တလေသာတွေ့ရပေမယ့် မအူပင်မြို့အရှေ့ဘက်ကမ်း တံတားအောက်မှာရှိတဲ့ သံကြိုးတိုင် ဂိုထောင်တွေထဲမှာ တော့ စစ်သားတွေ ချက်ပြုတ်စားသောက်နေတာတွေရှိတယ်။ ညဘက်ကင်းပုန်း တွေဝတ်တာ ရေကြောင်းကနေ သင်္ဘော တွေကိုရှာဖွေစစ်ဆေးတာတွေ တော့ လုပ်နေတယ်” မအူပင်မြို့ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းကို ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့က မအူပင်မြို့တံတား စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်က ဒုအရာခံဗိုလ် နှင့် ဗိုလ်ကြီး တို့ စကားများကာ သေနတ်ဖြင့် အချင်းချင်း ပစ်သတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦးစလုံးသေဆုံးခဲ့သည်။
ထိုသို့ သေဆုံးပြီးနောက် ဧရာဝတီတိုင်းအတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်သားများ တွေ့ရှိရခြင်းမရှိတော့ဘဲ ယခု စက်တင်ဘာ လကုန်ပိုင်းမှ စတင်၍ စစ်ကောင်စီတပ်သားများ ပြန်လည်ဂိတ်စောင့်လာခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ- ဂိတ်စောင့်နေသည့် စစ်ကောင်စီတပ်သားများကို လာရောက်စစ်ဆေးနေစဉ် (ပုံဟောင်း)
#ဧရာဝတီတိုင်း #မြို့အဝင်အထွက်များ #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #ဂိတ်ပြန်စောင့်နေ #ကင်းပုန်းပုံစံထားရှိ #Ayeyarwaddy_Times