ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၉ ရက်

ဧရာဝတီတိုင်းအတွင်းရှိ ကေတီဗွီ များအား ပြန်လည် ဖွင့်လှစ်ခိုင်းထားပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် များမှ အလှည့်ကျဝင်ရောက် သောက်စားနေကြကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်းရှိ ကေတီဗွီများအား ပိတ်ထားရန် ဇွန်လက ထုတ်ပြန်ခဲ့သော်လည်း စက်တင်ဘာလအတွင်းက ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အလှည့်နှင့် ဝင်ရောက် သောက်စားနေကြကြောင်း ကေတီဗွီလုပ်ငန်း လုပ်ကိုင်သူများနှင့် နီးစပ်သူများထံမှသိရသည်။

“ဝါးခယ်မက ကေတီဗွီ တွေပိတ်သွားတယ်။ ပြီးတော့ အခြားမြို့တွေပါ ပိတ်တယ်ကြားတယ် ။ အခုတော့ ပြန်ဖွင့်ကုန်ကြပြီ။ တရားဝင် အခွန်ဆောင်ပြီး ဖွင့်တဲ့ပုံစံမျိုးနဲ့ လုပ်နေကြတာ။ ညဘက်ဆို လူငယ်တွေ မူးရူးပြီး စစ်ကောင်စီအဖွဲ့တွေလည်း တွေ့တယ် ဝတ်စုံတွေနဲ့ သောက်စားနေကြတာ “ဟု မြောင်းမြမြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်း ကေတီဗွီများပြန်လည်ဖွင့်ခွင့်ပေးခြင်းမှာ လူငယ်များအား တော်လှန်ရေး တွင် စိတ်ဝင်စားခြင်းမပြုရန် လုပ်ဆောင်ထားခြင်းနှင့် လိုင်းကြေးငွေ ရရှိနေခြင်းကြောင့် ဖြစ်ကြောင်း ဧရာဝတီတိုင်းအတွင်းရှိ နိုင်ငံရေးစိတ်ဝင်စားသည့် ပြည်သူအချို့က သုံးသပ်ကြသည်။

” ကေတီဗွီ ပိုင်ရှင်တွေက စစ်တပ်ကအကြီးပိုင်တွေ၊ ရဲဆိုလည်း အကြီးပိုင်တွေကို ပေါင်းထားတာ။ သူတို့လာဝင်ရင် အကုန်အဆင်သင့် လုပ်ပေးထားရတယ်။ ပိုက်ဆံမတောင်ဘူး သူတို့တင်မဟုတ်ဘူး အောက်ခြေတပ်ဖွဲ့ဝင်တွေ အရာရှိတွေ လာရင်လည်း ပိုက်ဆံမတောင်းဘူး။ ဒါကြောင့် ပိုင်ရှင်တွေလည်း အဆင်ပြေ သူတို့လည်း အဆင်ပြေဆိုပြီး ဖွင့်ခိုင်းနေတာပါ ။ တစ်ခါတစ်လေ သေနတ်တွေပါ ပါလာကြတယ် “ဟု မြောင်းမြခရိုင်အတွင်းရှိ ကေတီဗီဆိုင်မန်နေဂျာ တစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကေတီဗွီ များအား ဖွင့်လှစ်ခိုင်းရာတွင် နိုင်ငံတော်အတွက် အခွန်ဆောင်ရသည်ဟုရေးသားထားသော စာတမ်းများ ကပ်ထားခိုင်းပြီး စစ်ကောင်စီတပ်ဖွဲ့များမှလည်း ကင်းပတ်သည်ဟု အကြောင်းပြကာ ဆိုင်အတွင်း ဝင်ရောက် သောက်စား ပျော်ပါးနေလေ့ရှိကြောင်း သိရသည်။

ဓာတ်ပုံ-ကေတီဗွီ ပုံ​ဟောင်း

#ဧရာဝတီတိုင်း #ကေတီဗွီ #ဖွင့်ခိုင်ထားပြီး #စစ်ကောင်စီလက်အောက်ခံ #တပ်ဖွဲ့ဝင်များက #ဝင်ရောက်သောက်စားနေ #Ayeyarwaddy_Times