ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ အောက်တိုဘာလ ၉ ရက်

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကျောက်တံခါးအုပ်စု၊ အောင်သပြေကျေးရွာတွင် နေထိုင်သည့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်ဆိုသူကို ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့၊ ည ၁၂ နာရီခန့်က ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တပ်ခွဲ(၅) နွေဦးအဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသည့် ပျူစောထီးခေါင်းဆောင်ဆိုသူ ကိုဖိုးဝသည် စစ်ကောင်စီတပ်တွင် စစ်သင်တန်းတက်ရောက်ထားသူတစ်ဦးဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့များမှ ၎င်း၏နေအိမ်တွင်ပင် သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက စစ်တပ်ကနေ သင်တန်းဆင်းလာပြီး ခေါင်းဆောင်ပြန်လုပ်နေတာ။ စစ်သင်တန်း ဆင်းလာတာ ကတော့ကြာပြီ။ သူကိုသတိပေးတာကတော့ အကြိမ်ကြိမ်သတိပေးတယ်။ သူ့မှာ‌သေနတ်လဲ ရှိတယ်လို့ကြားတယ်။ မတွေ့ခဲ့ဘူး” ဟု (၃၆၀၁ PPDF) တပ်ရင်းသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပျူစောထီးခေါင်းဆောင်ကိုဖိုးဝသည် ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ခေါ်ကာ တပ်စွဲခိုင်းခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရှိသည့် နေရာများကို သတင်း ထောက်လှမ်းကာ လမ်းပြခြင်းများလည်း လုပ်ဆောင်သူဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ပဲခူးတိုင်းအတွင်းတွင် စစ်အင်အားစုဆောင်းသည့်အနေဖြင့် ပျူစောထီး အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများကို လက်နက်တပ်ဆင်ကာ ပြည်သူ့စစ်သင်တန်းများပေးနေပြီး အဆိုပါသင်တန်းဆင်းအများစုမှာလည်း တော်လှန်ရေး တပ်ဖွဲ့များ၏ ပစ်ခတ်ခြင်းကိုခံနေရကြောင်း သိရသည်။

ပေါင်းတည်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့ကလည်း သစ်ပုတ် တာဝါတိုင်စခန်းကုန်းမှ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးရန်ထွက်လာသည့် စစ်ကောင်စီ တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်သား နှစ် ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။

#ပေါင်းတည် #‌စစ်သင်တန်းတက်ရောက် #ပျူစောထီးခေါင်းဆောင်ဆိုသူ #ပစ်သတ်ခံရ #Ayeyarwaddy_Times