
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၉ ရက်
ပဲခူးတွင် နှစ်ပေါင်း ၂၀အတွင်း စံချိန်တင်ရေကြီးနေပြီး ကယ်ဆယ်ရေး စခန်း ၂၂ ခု၌ လူဦးရေ ၅၀၀၀ ကျော်အထိ ပြောင်းရွှေ့နေကြရကြောင်း ပဲခူးမြို့ခံများထံမှ သိရသည်။
မိုးသည်းထန်းစွာ ရွာသွန်းမှုများကြောင့် ပဲခူးမြစ်ရေသည် အောက်တိုဘာ ၈ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် စိုးရိမ်ရေမှတ်ထက် ၇၄ မီတာအထိ ကျော်လွန်နေခဲ့ပြီး ရေတက်နှုန်း မြန်ဆန်သောကြောင့် အရေးပေါ် ရွှေ့ပြောင်းမှုများ လုပ်ဆောင်နေရကြောင်း ပဲခူးမြို့ခံများက ဆိုသည်။
“အစက ရေတက်တာ ဒီလောက်ထိရောက်မယ်မထင်ဘူး။ မနေ့ နေ့လည်ကစပြီး ရေတက်တာသိသာလာတယ်။ ဒါကြောင့် မိသားစုကိုခေါ်ပြီး ရေလွတ်တဲ့နေရာကို အရင်ရွှေ့လိုက်တာ မှန်တယ်ပဲပြောရမယ်။ အခုမနက်မှာ ရေက မြို့ထဲမှာ တော်တော်ဆိုးသွားပြီ။ လမ်းတွေကအစ သွားလို့မရတော့ဘူး။ မြို့ထဲက ပရဟိတ အဖွဲ့တွေကတော့ အိမ်တွေမှာ ကျန်နေတဲ့သူတွေကို ရေဘေးကူညီရေး နေရာတွေကို ပို့ပေးနေကြတယ် “ဟု ပဲခူးမြို့ခံ အမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရေကြီးနစ်မြုပ်မှုကြောင့် ပဲခူးမြို့၏ အနိမ့်ပိုင်းရှိ ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာ ၁၀ ရွာကျော် ရေမြုပ်ကာ ရေဘေးသင့် ပြည်သူများအား အနီးဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် ပြောင်းရွေ့ထားကြရပြီး လတ်တလောအခြေနေတွင် အခြားရေဘေးသင့် ပြည်သူများအား ပဲခူးမြို့ပေါ်ရှိ ပရဟိတ အဖွဲ့များမှ ဆက်လက်ရွှေ့ပြောင်းပေးလျှက်ရှိကြောင်း မြို့ခံများထံမှ သိရသည်။
“အခုလက်ရှိတော့ အနီးနားက ရေလွတ်တဲ့ ဘုန်းကြီးကျောင်းတွေ ၊ စာသင်ကျောင်းတွေကို ရေဘေးသင့်အိမ်ထောင်စုတွေကိုပို့ထားပါတယ် ။ နောက်ထပ်ရောက်လာတဲ့သူတွေလည်း ရှိတယ် ။ တစ်မြို့နယ်လုံး အတိုင်းအတာဆို လူက မခန့်မှန်တတ်ဘူး။ အခုလက်ရှိမှာ ပရဟိတ အဖွဲ့တွေနဲ့ သက်ဆိုင်ရာ အဖွဲ့တွေက ထမင်းထုပ်နဲ့ ရေဘူးတွေ ဝေပေးနေတယ်။ မြို့ထဲက ဆေးရုံအချို့နဲ့ ဆေးခန်းအချို့ကလည်း အခမဲ့ ကုသမှုတွေ ပေးနေပါတယ်။ ရက်ကြာရင်တော့ အခြေနေဘယ်လို ထပ်ဖြစ်လာမယ် မသိသေးပါဘူး”ဟု ပဲခူးမြို့နယ်ရှိ ပရဟိတအဖွဲ့မှ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပဲခူးမြို့ ရေကြီးနေမှုကြောင့် ပဲခူးမြို့တွင်းလမ်းပိုင်းများကို ယာယီပိတ်ထားရပြီး အမြန်လမ်း ၊ ဘောနက်ကြီး ဘုရားလမ်းမ တို့တွင် ရေကျော်နေကာ မြို့ရှောင်လမ်း ကုက္ကိုတန်းအနီး ပြွန်ပေါက် ၉/၈ လည်းပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။
ပဲခူးမြို့သည် မကြာခဏ ရေကြီးနစ်မြုပ်မှု ကြုံရတတ်သော်လည်း ယခုရေကြီး နစ်မြုပ်မှုသည် နှစ်ပေါင်း ၂၀ အတွင်း အဆိုးဝါးဆုံးဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-CJ
#ပဲခူးတွင် #နှစ်ပေါင်း၂၀အတွင်း #စံချိန်တင်ရေကြီး #ရေဘေးကယ်ဆယ်ရေးစခန်း #၂၂ခုဖွင့်ထား #လူ၅၀၀၀ကျော်ခိုလှုံနေရ #Ayeyarwaddy_Times