ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၉ ရက်

ပဲခူးမြို့ ရေကြီးရေလျှံမှုတွင် စစ်ကောင်စီတပ်က ရေဘေးရှောင်ဒေသခံများကို ကယ်ဆယ် ပေးနေသည်ဟု ဝါဒဖြန့်ထားသော်လည်း ရေကြီးမှုကြောင့် ရပ်ကွက်များ အတွင်း ပိတ်မိနေပြီး အကူအညီများလိုအပ်နေသည့် ပြည်သူ သောင်းချီ၍ ရှိကြောင်း ဒေသခံများထံက သိရသည်။

ရေကြီးမှုကြောင့် ပဲခူးမြို့အတွင်းပိုင်း နေရာအချို့တွင် အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းအချို့ပါ ပြတ်တောက်ခဲ့သည့်အတွက် ပိတ်မိနေသည့်ပြည်သူများနှင့် အဆက်အသွယ်ရရှိခြင်းမရှိကာ ကူညီကယ်ဆယ်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

“အချို့နေရာတွေ လိုင်းတွေပြတ်နေတာ။ ဘယ်နေရာမှာ ဘယ်လိုဖြစ် နေတယ်ဆိုလည်း ဆက်သွယ်မရဘူး။ အချို့က နေအိမ်တွေထဲမှာ ပိတ်မိနေတယ်။ ရေဘေးရှောင်ပြည် သူ သောင်းချီရှိလာနေပြီ။ အစားအသောက် အခက်အခဲရှိတယ်။ အကူအညီတွေ မရတဲ့နေရာတွေ အများကြီးရှိတယ်”ဟု ပဲခူးမြို့နေအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပဲခူးတိုင်း ဇောင်းတူဆည်နှင့် ကဒူကွင်းဆည်တို့၏ ရေပိုလွှဲများမှ ရေကျော်၍ စီး၀င်လာသည့်အတွက် ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ရေကြီးရေလျှံ နစ်မြုပ်မှုများ ဖြစ်ပေါ်လာပြီး အချို့ရပ်ကွက်များတွင် ရေ ဆယ်ပေနီးပါးအထိ မြင့်တက်နေကြောင်း သိရသည်။

ပဲခူးမြို့တွင် ရေကြီး ရေလျှံမှုဖြစ်ပေါ်တိုင်း ရေနစ်မြုပ်လေ့မရှိသည့်ရပ်ကွက်များ အတွင်းသို့ပါ ရေ၀င်ရောက်လာပြီး ရေလေးပေအထက် မြင့်တက်လာတာကြောင့် အရေးပေါ်တိမ်း ရှောင်မှုမပြုလုပ်နိုင်သည့် ပြည်သူများနေအိမ်များအတွင်း ပိတ်မိနေပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေသူများ ကူညီရန် သွားရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။

“ရေကြီး တိုင်းရေ၀င်လေ့မရှိတဲ့ ရပ်ကွက်တွေကိုပါ ရေတွေလိမ့်၀င်လာလို့ မရှောင်နိုင် တော့ဘဲ အိမ်ထဲပိတ်မိနေတာ။ ဒီထက်တက်လာရင် ခေါင်ပေါ်တက်နေရတော့မှာ”ဟု ပဲခူးမြို့ ဆိုရှယ်လစ်ရပ်ကွက်တွင်နေထိုင်သူ ကိုထက်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရေကြီးမှုကြောင့် ကားလမ်းများပါ ရေနစ်မြုပ်နေပြီး အမြန်လမ်း ၃၉ မိုင်မှစ၍ ရေနစ် မြုပ်နေပြီး ကားများသည် ဒိုက်ဦးမြို့ဘက်မှ သွားလာနေရကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်၊ မန္တလေးရထားလမ်းပိုင်းနှင့် ပဲခူး-မော်လမြိုင်ရထားလမ်းများပါ ရေကျော် နေသောကြောင့် လူစီးရထားခရီးစဉ်များ ရပ်နားထားကြောင်း သိရသည်။

“သူတို့ကယ်ဆယ်ရေးလုပ်နေတာက မြို့ပေါ်က သာမန်ရေတက်တဲ့နေရာတွေ။ တကယ် မြုပ်နေတဲ့ နေရာတွေမှာ ဘယ်အကူအညီမှမရကြဘူး။ သူတို့(စစ်ကောင်စီ)တင်ထား‌တာ တွေ့တယ်။ အပေါ်ယံတွေလောက် လုပ်ပြနေတာ” ဟု ကိုထက်က ဆိုသည်။

လက်ရှိတွင် ပိတ်မိနေသူများနှင့် ကူညီမှုမရရှိသေးသည့် ပြည်သူပေါင်းသောင်း ကျော်ရှိနေ၍ အရေးပေါ် ကူညီမှုရရှိရန် လိုအပ်နေပြီး စစ်ကောင်စီ၏ ဝါဒ ဖြန့်ချန်နယ်များတွင်မူ ပဲခူမြို့ ရေကြီးရေလျှံမှုအတွက် ကယ်ဆယ်ရေး ၂၄ နေရာဖွင့် လှစ်ထားရှိပြီး လူပေါင်း ၅၀၀၀ ကျော်ကို နေစရာ နေရာများပေးထားသည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ-ပေးပို့(CJ)
ပုံစာ- ပဲခူးမြို့ ဆိုရှယ်လစ်ရပ်ကွက်နှင့်အနီးဝန်းကျင်ရေနစ်မြုပ်နေစဉ်
#ပဲခူးရေကြီးရေလျှံ #ဒေသခံများသောင်းချီပိတ်မိ #အရေးပေါ်ကယ်ဆယ်ရေးလိုအပ် #Ayeyarwaddy_Times