ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၉ ရက်

တစ်ကျော့ပြန်အစ္စရေး – ပါလက်စတိုင်း တိုက်ပွဲဖြစ်ပွားနေသဖြင့် အစ္စရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အရေးတကြီး လိုအပ်ချက်မရှိပါက နေအိမ်များတွင်သာ နေထိုင်ရန် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ အောက်တိုဘာ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။

အစ္စရေးနိုင်ငံကို ပါလက်စတိုင်းက အလစ်ဝင်‌ရောက်တိုက်ခိုက်ပြီးနောက် ဂါဇာ ကမ်းမြောင်ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေရာ မြန်မာနိုင်ငံသားများ တိုက်ပွဲ အ‌ခြေအနေနှင့် ကြုံတွေ့လာပါက လုံခြုံသည့်နေရာတွင်သာ နေထိုင်ကြရန် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အစ္စရေးနိုင်ငံတွင် စိုက်ပျိုးရေးပညာသင်ယူနေသော ပညာတော်သင်များနှင့် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားများ ထောင်နှင့်ချီ၍ ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံသား ပညာတော်သင်တချို့သည် အစ္စရေးနိုင်ငံရှိ Desert Agro Research Centre ၊ AICAT နှင့် The Ramat Negev စိုက်ပျိူးရေးကျောင်းများတွင် တက်ရောက်နေပြီး မြန်မာကျောင်းသား ရာကျော်ရှိကြောင်း ၂၀၂၀ ပြည့်နှစ်စာရင်းများ အရသိရသည်။

အစ္စရေးနိုင်ငံ ဝန်ကြီးချုပ်က နိုင်ငံစစ်ဖြစ်နေကြောင်း တရားဝင်ကြေညာထားပြီး ‌တောင်ပိုင်း လမ်းမများတွင် အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားကာ အစ္စရေးက ဂါဇာကို ထိုးစစ်ဆင်နိုင်ခဲ့ကြောင်း ဆိုထားသည်။

စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက အစ္စရေးရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အကူအညီ လိုအပ်ပါက မြန်မာသံရုံး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနအပါအဝင် အစ္စရေးအစိုးရ၏ ထုတ်ပြန်သတိပေးချက်များကို ပုံမှန်ကြည့်ရှု့ရန်လိုအပ်ကြောင်း တိုက်တွန်းထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#အစ္စရေးနိုင်ငံ #စစ်ဖြစ် #မြန်မာနိုင်ငံသားများ #နေအိမ်တွင်နေထိုင် #စစ်ကောင်စီ #နိုင်ငံခြားရေးဝန်ကြီးဌာန #Ayeyarwaddy_Times