
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၉ ရက်
အာဏာသိမ်း စစ်ကောင်စီသည် ခုခံတော်လှန်စစ် အားကောင်းလာသည်နှင့်အမျှ ပြည်သူလူထု၏ အချက်အလက်များရရှိစေရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေပြီး ပြည်သူ့လုံခြုံရေးကို ပိုမိုခြိမ်းခြောက်လာနေကြောင်း နိုင်ငံရေးလေ့လာသူ၊ ဥပဒေ ရေးရာကျွမ်းကျင်သူနှင့် CDM ရဲတပ်ကြပ်တို့၏ သုံးသပ်ပြောကြားချက်များ အရ သိရသည်။
ဘက်ပေါင်းစုံ အရေးနိမ့်လာသည့် စစ်ကောင်စီသည် ၎င်းတို့၏ အာဏာသက်တမ်းကို နောက်ထပ် ၆ လ ထပ်မံ တိုးယူခဲ့ပြီးနောက် သန်းခေါင်စာရင်း ကောက်ယူခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ကို စမတ်ကတ်ပြောင်းရန်နှင့် SIM Card များ မှတ်ပုံမတင်ပါက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၂ အရ အရေးယူမည်ဆိုသည့် ကိစ္စရပ်များကို လုပ်ဆောင် လာသည်။
“သူတို့ရဲ့(စစ်ကောင်စီ) အုပ်ချုပ်မှုအောက်မှာ တကယ်ရှိနေတဲ့ အခုပြည်သူ အရေ အတွက်ဟာ ဘယ်လောက်ရှိသလဲဆိုတာ အခြေအနေတစ်ခုအနေနဲ့ ခန့်မှန်းလို့ ရတာပေါ့ဗျာ။ နောက်ဒုတိယ အချက်ကတော့ အဲဒီလို စာရင်းဇယားတွေ လုပ်ခြင်း အားဖြင့် သူ့အနေနဲ့ပိုပြီးတော့ ချုပ်ကိုင်လို့ ပိုပြီးတော့ ကောင်းသွားတာပေါ့ဗျာ။ ဘယ်သူဟာ ဘယ်နေရာမှာရှိလဲ အချိန်မရွေး သူ့အနေနဲ့ စိစစ်ဖို့အတွက် အချက်အလက် တွေချုပ်ကိုင်လာတာပေါ့ဗျာ”ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ထိုသို့လုပ်ဆောင်ခြင်းဖြင့် တိုင်းပြည်၏ အခြေအနေသည် တည်ငြိမ် အေးချမ်း၍ ၎င်းတို့၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်သည်လည်း အရှိန်မှန်မှန်နှင့် ချီတက်နေသည်ဟု ကမ္ဘာသိအောင် လှည့်ဖြား လုပ်ဆောင်နေခြင်းဖြစ်ပြီး ယခု အချိန်တွင် သန်းခေါင်စာရင်း ကောက်ယူရန်အတွက် မည်သည့်အခြေအနေ အကြောင်းအချက်ကမျှ ခွင့်မပြုကြောင်း ဦးသန်းစိုးနိုင်က ဆိုသည်။
စစ်ကောင်စီသည် ၎င်းတို့ပြုလုပ်ရန် ကြိုးပမ်းနေသည့် အတုအယောင် ရွေးကောက်ပွဲအတွက် မဲစာရင်း ခိုင်မာရေးဟုဆိုကာ စစ်ကောင်စီအခြေစိုက် နေပြည်တော်ကောင်စီ၊ ဒက္ခိဏသီရိမြို့နယ်တွင် အောက်တိုဘာ ၁ ရက်မှစတင်၍ စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူနေကြောင်း သိရသည်။
အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း တိုင်းနှင့် ပြည်နယ်အားလုံးရှိ မြို့နယ် ၂၀ ကို ရွေးချယ်သတ်မှတ်၍ ကောက်ကွက် ၁၀၀ ကို စတင်ကောက်ယူမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
“တိုင်းတွေမှာရော၊ နယ်တွေမှာရော အခု သူ့ရဲ့(စစ်ကောင်စီ) အုပ်ချုပ်ရေးက မြို့ပြ တွေမှာပဲ ကျန်တော့တာပါ။ ကျန်တဲ့ကျေးလက်နဲ့ မြို့ပြပတ်ဝန်းကျင် အားလုံးက PDF တွေနဲ့ တိုင်းရင်းသားတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့အတွက် တပြည်လုံးက စစ်မှန်တဲ့ စာရင်းဇယား ဘယ်လိုမှမရနိုင်ဘူး။ နောက်ပြီးတော့ သူ့စစ်တပ်တောင်မှ အင်အားမရှိရင် အပြင်မထွက်နိုင်တဲ့အခြေအနေမှာ ဘယ်လိုမှ ရွေးကောက်ပွဲအတွက် စည်းရုံးလှုပ်ရှားတာတွေ မလုပ်နိုင်ဘူး“ ဟု ဦးသန်းစိုးနိုင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက လက်ရှိကြိုးပမ်းနေသည့် အဆိုပါ ကိစ္စရပ်များသည် ဥပဒေအကြောင်း အရရော၊ နိုင်ငံရေးအကြောင်းအရပါ တရားဝင်ဖြစ်တည်သော အစိုးခေတ် ကာလမျိုးတွင်သာ လုပ်ရသည့်အခြေအနေဖြစ်သည်။ မူလကတည်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်ကို ချိုးဖောက်၍ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီ၏ နောက်ဆက်တွဲ လုပ်ဆောင်ချက် မှန်သမျှသည်လည်း တရားဝင်မှုမရှိကြောင်း တရားလွှတ်တော်ရှေ့နေ စောဘဦးလေး က ဆိုသည်။
“သူ(စစ်ကောင်စီ)ကတော့ ဆက်လုပ်နေတာပဲ။ ဘာကြောင့်လည်းဆိုတော့ သူ့အနေနဲ့ အစိုးရတစ်ရပ်ရဲ့အသွင်၊ တရားဝင်မှုကို နိုင်ငံတကာကို ချပြချင်တာပါ။ သို့သော် နိုင်ငံတကာကလည်း အဖတ်မလုပ်ဘူး၊ ပြည်သူကလည်း ခုခံတွန်းလှန်စစ်ကို ဆက်လက်တွန်းလှန်နေဆဲ ကာလဖြစ်တဲ့အတွက်ကြောင့် နေပြည်တော်ပတ်ဝန်းကျင် လောက်၊ သူလက်လှမ်းမှီတဲ့ အနေအထားလောက်မှာပဲ သူလုပ်လို့ရမှာပါ။ ဒါကြောင့် ဘာတစ်ခုမှ အကောင်အထည် မပေါ်လာနိုင်ဘူးလို့တော့ ကျွန်တော်မြင်တယ်” ဟု တရားလွှတ်တော်ရှေ့နေ စောဘဦးလေး က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် လက်ရှိထုတ်ပေးထားသော နိုင်ငံသားစိစစ်ရေးကတ်များကို စမတ်ကတ်(Smart Card) အဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေသလို ပံ့ပိုးကူညီပေးရန် အတွက်လည်း တရုတ်အစိုးရထံ အကူအညီတောင်းထားကြောင်း စစ်ကောင်စီ ဝါဒဖြန့်သတင်းစာနှင့် မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့၏ အာဏာ တရားဝင်သည်ဖြစ်စေ ၊ မဝင် သည်ဖြစ်စေ ထိုအရာကို ဆက်လက်ထိန်းသိမ်းရန် အလုံးစုံ လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ကို ကွန်ပြူတာဖြင့် တိုက်ဆိုင်စစ်ဆေးမည့် စမတ်ကတ်အဖြစ် ပြောင်းလဲခြင်းကြောင့် တော်လှန်ရေးနှင့် ပတ်သက်သူများအတွက် ထိခိုက်မှု ရှိလာနိုင်ကြောင်း ကဗျာဆရာ CDM ရဲတပ်ကြပ် သန်းထွန်းဦးက ဆိုသည်။
“သူတို့(စစ်ကောင်စီ)ရဲ့ အာဏာယန္တရားသက်ဆိုးက မရှည်လောက်တော့ဘူးလို့ သူတို့ကိုယ်တိုင် ပြန်သိနေပြီး အိုးနင်းခွက်နင်းတွေ လျှောက်လုပ်နေတယ်လို့ မြင်ပါတယ်။ အခုကိစ္စတွေက နိုင်ငံတခုအတွက် မလိုဘူးလားဆိုတော့ လိုတယ်။ ဒါပေမယ့် ဒါတွေဟာ တည်ငြိမ်အေးချမ်းမှုရှိမှ လုပ်လို့ အဆင်ပြေအရာတွေ” ဟု CDM ရဲတပ်ကြပ် သန်းထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်ကောင်စီ လက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကလည်း ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်က SIM Card များကို မှတ်ပုံတင်ရောင်းချခြင်းနှင့် လွှဲပြောင်းရာတွင် ပြန်လည်မှတ်ပုံတင်ခြင်း မရှိပါက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၂ အရ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီသည် အဆိုပါ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၇၂ ထက် ပြင်းထန်သည့် ဥပဒေများကို အလွဲသုံးစားလုပ်၍ ပြည်သူလူထုအား ဖမ်းဆီးအပြစ်ပေး အရေးယူမှု များကို လုပ်ဆောင်လျက်ရှိ၍ ထူးဆန်းသော အရာမဟုတ်သော်လည်း အဆိုပါပုဒ်မသည့် နည်းဥပဒေသာ ထွက်ရှိထား၍ မပြည့်စုံသော ဥပဒေတစ်ခုဖြစ်ပြီး ပြည်သူကို ထပ်မံနှိပ်စက်ခြင်း ပင်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ထောက်ပြသည်။
စစ်ကောင်စီသည် ၎င်း၏ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွက် ယခုလိုကဲ့သို့ လုပ်ဆောင် နေခြင်းသည် မည်သို့ပင်ဖြစ်စေ စစ်တပ်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းကို ပြန်ရောက်ရန် ကြိုးပမ်းနေသည်ဆိုသော အချက်အား နိုင်ငံတကာကို သက်သေထူရန် ဖြစ်သည်။ ထို့ပြင် ၎င်း၏အုပ်ချုပ်မှုအောက်တွင်ရှိနေသည့် အင်အားစုများအား ချုပ်ကိုင်၍ တစ်ဖက်တွင် ကမ္ဘာကြီးကို လိမ်လည်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။
ဓာတ်ပုံ-စစ်ကောင်စီ
ပုံစာ- နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူစဉ်
#စစ်ကောင်စီ #ပြည်သူများထံမှအချက်အလက်ရရှိရေး # နည်းမျိုးစုံဖြင့်လုပ်ဆောင် #လုံခြုံရေးကိုခြိမ်းခြောက် #Ayeyarwaddy_Times