ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ အောက်တိုဘာ ၈ ရက်)

“ကိုယ်တွေလက်တွေ ကိုက်ခဲလိုက်တာ ကွမ်းယာဆိုင်သွားပြီး ဆေးဝယ်သောက်ဦးမှပါ”
“ချောင်းဆိုးပြန်ပြီ…ဟဲ့ လမ်းထိပ်ဆိုင်က ဆေးလေး လမ်းကြုံသွားဝယ်ပေးပါဦး”
“မောလိုက်တာ…ရင်တွေတုန်လိုက်တာ.. ဈေးထဲက ဝယ်လာတဲ့ စပ်ဆေးထုပ်လေး အမေ့ဆီ ယူခဲ့စမ်းပါအေ”

ဒါဟာ… အခြေခံလူတန်းစားတွေဆီကနေ အမြဲတမ်း ကြားနေရတဲ့ အသံတွေပါ။

စီးပွားရေး ကျပ်တည်းနေတဲ့ အခုလို ကာလမျိုးမှာ ဆေးရုံဆေးခန်းသွားဖို့အတွက် အဆင်မပြေကြတာများပါတယ်။ မိသားစုဝင်‌တွေ နေထိုင်မကောင်းတဲ့အခါ အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုကိုပေးချင်ပေမယ့်လည်း လက်လှမ်းမီရာ စပ်ဆေးများ နဲ့သာ ဖြေရှင်းနေရပါတယ်။

စပ်ဆေးဟာ ဝယ်ရလွယ်ကူတယ်။ နေရာတိုင်းမှာရတယ်။ ငွေကြေးအဆင်မပြေတဲ့ အခါ၊ ဆေးရုံ ဆေးခန်းသွားဖို့အတွက် လုံလောက်တဲ့ ငွေကြေးမရှိတဲ့အခါ၊ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းမှာ လွှမ်းခြုံမှု အရမ်းနည်းသွားတဲ့အခါမျိုးမှာ စပ်ဆေး ရဲ့ နောက်ဆက်တွဲပြဿနာကို မကြည့်နိုင်တော့ဘဲ အလွယ်တကူ ဝယ်ယူ သောက်သုံးနေ ကြရပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ စပ်ဆေးဆိုတာ မနေ့တနေ့ကမှ ပေါ်လာတဲ့ အရာတစ်ခု တော့ မဟုတ်ပါဘူး။ ဆယ်စုနှစ်နဲ့ကိုချီနေပါပြီ။

#စပ်ဆေး

စပ်ဆေးဆိုတာ ဆေးပညာအကြောင်း “ဂဃနဏ” မသိသူတွေက ဈေးပေါပေါနဲ့ရတဲ့ နိုင်ငံခြား ဆေးဝါး တွေကို ပေါင်းစပ်ပေးပြီး ရောင်းချတဲ့ စီးပွားရေး လုပ်ငန်း တစ်ခုပါ။ ဆေးရောင်းသူတွေဟာ လူနာရဲ့အခြေအနေကို သိရှိခြင်းမရှိဘဲ အပေါ်ယံ ပြောလာသမျှ အပေါ် အခြေခံပြီး နီးစပ်ရာ နိုင်ငံခြားဆေးမျိုးစုံကို ပေါင်းစပ်ပေးပြီး ရောင်းချတတ် ကြပါတယ်။ ဘယ်လိုဆေးတွေက ခန္ဓာကိုယ်ကိုဘေးဥပါဒ်ဒုက္ခဖြစ်စေတတ်တယ် ဆိုတာ နားမလည်ကြပါဘူး။ ဘယ်နှစ်ရက်ထပ် ပိုမသောက်သင့်ဘူး၊ ဘယ်ပမာဏအထိ ပေးရမယ်၊ ဘယ်ပမာဏကျော်အောင်မပေးရဘူးဆိုတာကို မသိကြပါဘူး။

စပ်ဆေးရောင်းသူတွေဟာ ဆေးဝါးကျွမ်းကျင် ၊ သူနာပြုအကူ စတဲ့ သင်တန်းတွေကို တက်ရောက်ပြီး သင်တန်းဆင်းပြီးဆိုတာနဲ့ ဆေးဆိုင်များဖွင့်လှစ်ကာ အလွတ်ကျက် ဖော်မြူလာတွေနဲ့ ကောင်းနိုးရာရာ ဆေးများကိုတွဲစပ်ပြီး ရောင်းပေးကြပါတယ်။

အထူးသဖြင့် ပိုးသတ်ဆေးတွေ၊ စတီးရွိုက်ဆေးတွေ၊ အကိုက်အခဲပျောက်‌ဆေး အပြင်းတွေ၊ ဗိုက်တာမင်တွေ၊ အိပ်ဆေးတွေကို စည်းလွတ်ဘောင်လွတ်ပေါင်းစပ်ပြီး လူနာကိုရောင်းချကြပါတယ်။

#အသင့်သောက်စပ်ဆေး

အသင့်သောက်သုံးနိုင်တဲ့ စပ်ဆေးတွေကို နယ်မြို့တွေမှာ ရောင်းချနေကြတာတွေ မြင်နေရပါတယ်။ ပလပ်စတစ်အိတ် အကြည်ရောင်ထဲမှာ နိုင်ငံခြားဆေးရောင်စုံ ထည့်ပြီး အကိုက်အခဲနာကျင်သက်သာဆေး၊ နှာမွန်ဖျားနာသက်သာဆေး၊ ချောင်းဆိုးပျောက်ဆေး စသည်ဖြင့် ရောဂါအမျိုးမျိုးအတွက် ကြိုတင်ဆေးစပ်ပေးထားပြီး ရောင်းချနေတဲ့ အခြေအနေတွေအထိ ဖြစ်နေပါတယ်။

#စပ်ဆေးရဲ့နောက်ဆက်တွဲဆိုးကျိုးများ

စပ်ဆေးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကို ဥပမာ အနေနဲ့ပြရရင် အကိုက်ခဲပျောက်ဆေး အပြင်းစားများ နှစ်မျိုးသုံးမျိုး ပေါင်းစပ်ပြီးပေးတာကြောင့် ကျောက်ကပ်ကို ထိခိုက်ပြီး ပျက်စီးစေပါတယ်။ အစာအိမ်‌သွေး‌ကြော ပေါက်သွေးအန်တတ်ကြပါတယ်။

#စတီးရွိုက်(Steroid)ဆေး

စတီးရွိုက်(Steroid)ဆေးက ခဏတာတော့ စားဝင်အိပ်ပျော်စေတယ်။ အဲ့ဒါကိုပဲ စားကောင်း အိပ်ပျော်ဆေးလို့ သတ်မှတ်ပြီး စပ်သမျှဆေးတွေထဲမှာ စတီးရွိုက် တွေထည့်ပေးလိုက်မယ်။ စတီးရွိုက်ကို နှစ်ရှည်လများသောက်ခဲ့မယ်ဆိုရင်တော့ စတီးရွိုက်ရဲ့ နောက်ဆက်တွဲဆိုးကျိုးဟာ ခေါင်းကနေအစ ခြေအဆုံးထိ အများကြီးပါ။ ကိုယ်ခံအား ကျဆင်းခြင်း၊ အစာအိမ်ရောင်ခြင်း၊ သွေးတိုးခြင်း၊ ဆီးချိုတက်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း၊ အရေပြားပါးခြင်း၊ ရောဂါပိုးအဝင်လွယ်ခြင်းနဲ့ အရိုးပွခြင်း တွေဖြစ် နိုင်ပါတယ်။

Steroids စတီးရွိုက်ဆေးတွေကြောင့် ခန္ဓာကိုယ် ကအခြားဆေးတွေ မတိုးတော့တာ စတီးရွိုက်ကို မှီခိုစွဲလမ်းသွားတာတွေ ဖြစ်တတ်ပါတယ်။ တဖြည်းဖြည်းနဲ့ Steroids ဆေးမသောက်ရရင် အဆင်မပြေတော့တဲ့ အခြေအနေကနေ ဆေးကို ရုတ်တရက် ဖြတ်လိုက်ရင် အသက်အန္တရာယ်အထိ နောက်ဆက်တွဲ ဖြစ်နိုင်တာတွေ ရှိပါတယ်။

#ပိုးသတ်ဆေး

ပိုးသတ်ဆေးဟာ နေမကောင်းတိုင်း သောက်ရတာမျိုး မဟုတ်ပါဘူး။ ဘတ်တီးရီးယား ပိုးကိုနိုင်တဲ့ ပိုးသတ်ဆေးတွေက ပိုးကြောင့်ဖြစ်တဲ့ရောဂါတွေကိုပဲ ကုသနိုင်မှာပါ။ ဖျားတဲ့အခါတိုင်း ဝမ်းလျောတိုင်း သွားကိုက်တိုင်းပိုးသတ်ဆေးမလိုပါ။ ရောင်းသူတွေဟာ ခေါင်းကိုက်တိုင်း ဗိုက်အောင့်တိုင်း ပိုးသတ်ဆေးပေးတာမျိုး လုပ်လို့မရပါဘူး။

ပိုးသတ်ဆေးကို မလိုအပ်ဘဲ သောက်တဲ့အခါ ဆေးဒဏ်ခံရပါတယ်။ နုန်းတာ၊ အစား အသောက်ပျက်တာ၊ ပါးစပ်ခါးတာကနေစလို့ ဝမ်းလျောတာ အလယ် အခန့်မသင့်ရင် ဆေးဓါတ်မတည့်တာအဆုံးအထိ ပြသနာပေါင်းစုံဖြစ်တတ်ပါတယ်။ သေတတ်ပါတယ်။ ရေရှည်မှာလည်း တကယ်လိုအပ်လာတဲ့အခါ ပိုးသတ်ဆေးမတိုးတော့တာ ဆေးယဥ် ပါးသွားပြီး ကုသဖို့ဆေးမကျန်တော့တာတွေအထိလည်း ကြုံရနိုင်ပါတယ်။ ဆေးတွေကို တလွဲမသုံးဘဲ စနစ်တကျသုံးဖို့က အန်မတန်အရေးကြီးပါတယ်။

ဆေးပေး ကုသတယ်ဆိုတာ ရောဂါအခြေအနေသဘောသဘာဝ၊ လူနာရဲ့ အသက်အရွယ်၊ ကျား/မ ကိုယ်အလေးချိန်၊ ဆေးဝါးရဲ့ဂုဏ်သတ္တိ ဘေးထွက်ဆိုးကျိုး၊ အခြားတွဲဘက်ဆေးဝါးများနဲ့ ယှဉ်တွဲအာနိသင် ၊ ပေးမယ့်ဆေးဝါးနဲ့ ဓာတ်တည့်မှု ရှိ/မရှိ၊ ပတ်ဝန်းကျင်အခြေအနေ ရာသီဥတုရေမြေအခြေအနေ စတဲ့ကိစ္စအဝဝကို ထည့်သွင်း စဉ်းစားပြီး လိုအပ်မှ ဆေးဝါးညွှန်ရတာပါ။

အနာနဲ့‌ ဆေးတွေ့တာကြောင့် ရောဂါ သက်သာပျောက်ကင်းပါတယ်လို့ ဆိုကြပေမယ့် “တန်ဆေး လွန်ဘေး” ဆိုတဲ့အတိုင်း အချိန်အဆ မှားယွင်းသွားရင်တော့ ဆေးမဖြစ်ဘဲ အဆိပ်အတောက်ဖြစ်စေမှာပါ။ ဘေး ဖြစ်စေမှာပါ။

#စပ်ဆေးရဲ့တရားခံများ

လက်ရှိကြုံတွေ့နေရတဲ့ စပ်ဆေးအန္တရယ်၊ စပ်ဆေးပြဿနာတွေဟာ နိုင်ငံဆင်းရဲလို့၊ ဥပဒေအသက်ဝင်မှုအားနည်းလို့၊ မှန်ကန်တဲ့အသိပညာကြွယ်၀ခြင်း မရှိလို့၊ ဆရာဝန် နည်းပါးလို့ စတဲ့ အကြောင်းရင်းတွေကြောင့် ပြည်သူလူထုမှာ ဆိုးကျိုးတွေကိုသာ ရင်ဆိုင်နေရတာပါ။ ဒါတွေ အားလုံးရဲ့ အဓိကအကြောင်းရင်းကတော့ စနစ်တကျ ဖျက်ဆီးခံလိုက်ရတဲ့ ပညာရေးကြောင့်လို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ဆေးဝါးဥပဒေရှိပေမယ့် လိုက်နာကျင့်သုံးခြင်း မရှိတာမို့ ချောင်ထိုး ခံထားရတဲ့ ဥပဒေတစ်ခုလို ဖြစ်နေပါတယ်။ စပ်ဆေးတွေ အမြစ်‌တွယ်လာတာ အလုပ်မလုပ်တဲ့ မြန်မာဆေးကောင်စီရဲ့ အပြစ်မကင်းပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်သူတွေရဲ့ ညံ့ဖျင်းမှုကြောင့် တိုင်းပြည် ဆင်းရဲသွားတဲ့အခါမှာ အရည်အသွေးမြင့်မားတဲ့ နိုင်ငံခြားဖြစ် ဆေးဝါးတွေကို ပြည်သူ လူထုက မဝယ်နိုင်တော့ပါဘူး။ အရည်သွေးမပြည့်မီတဲ့ ဘေးထွက်ဆိုးကျိုးတွေများတဲ့ အပေါစား၊ အညံ့စား တရုတ်ပြည်နယ်စပ်ဒေသကနေ ထုတ်လုပ်တဲ့ ဆေးများကိုသာ ဆေးဝါးစျေးကွက်အတွင်း မှီခိုအားထားနေရပါတယ်။

စပ်ဆေးကြောင့် ခဏတာ ယာယီ သက်သာရင်တောင် ဈေးပေါတဲ့ အညံ့စားဆေးဝါးတွေ သုံးထားတာကြောင့် နောက်ဆက်တွဲဆိုးကျိုး ပိုမိုများလာစေမှာပါ။

ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ ဆေးပညာပိုင်းဆိုင်ရာ ကျန်းမာရေးဗဟုသုတ မျှဝေပေးတဲ့ အလုပ်ကိုလည်း ထပ်တိုးပြီးလုပ်ရပါမယ်။ ကျန်းမာရေးဗဟုတုသများတိုးပွားဖို့အတွက် အများကြီးလုပ်ဆောင်ရပါဦးမယ်။ တရုတ်ပြည်လို နေရာတွေကလာတဲ့ ဆရာဝန်အတုတွေ၊ ကိုယ့်နိုင်ငံသားအချင်းချင်း လိမ်လည် ကုသနေတဲ့ ဆရာဝန်အတု ဒေါက်တာရမ်းကုတွေ၊ လိမ်ညာ ကုသနေတဲ့ ဆေးခန်းတွေကြောင့်လည်း ပြည်သူတွေဟာ မတရား ခံရပါတယ်။

ပန်းသေ ပန်းညှိုးရောဂါကု ဆေးခန်းများ လိပ်ခေါင်းအထူးကုဆေးခန်းများ အမည်ဖြင့် အလိမ်အညာကုသနေတာတွေကိုလည်း လက်တွေ့မှာ ကြုံတွေ့နေရပါတယ်။

ဒါကြောင့် ရောဂါဖြစ်ရင် လက်လှမ်းမီရာ ဆေးရုံ ဆေးခန်းတွေမှာ ကုသပါ။ ငွေကြေး အခက်အခဲရှိပါက အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနရဲ့ online ဆေးခန်း တယ်လီကျန်းမာ Telekyanmar ကို ဆက်သွယ်ပြီး ပြသနိုင်ပါတယ်။

ဒါကြောင့် စပ်ဆေးတွေကိုမသောက်ဘဲ ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့အညီ လိုအပ်တဲ့ ဆေးဝါးတွေ ကိုသာ‌ စနစ်တကျ‌သောက်သုံးဖို့ တိုက်တွန်းလိုပါတယ်။ ဆီးချို၊ သွေးချို ရောဂါရှင်များ၊ သွေးတိုးရောဂါရှိသူများ၊ ပန်းနာရင်ကျပ်ရောဂါရှိသူများ အနေနဲ့ စပ်ဆေးများကို လုံးဝရှောင်ရှားကြပါလို့ ထပ်မံ သတိပေးလိုပါတယ်။

နောက်တစ်ပတ်မှာတော့ သားစပ်ခြာနည်းလမ်းတွေထဲက နေ့စဉ်သောက်သုံးရတဲ့ သန္ဓေတားဆေးတွေ အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းမ်စ် AyeyarwadyTimes စာဖတ်ပရိသတ်များလည်း စပ်ဆေးများကို ရှောင်ရှားပြီး ကျန်းမာတဲ့ဘဝကိုရနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #သတိပြုဖွယ်စပ်ဆေးအန္တရာယ် #ဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)