
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၈ ရက်
ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့နယ်ရှိစစ်ကောင်စီ၏ ပမ္မဝတီရေတပ်စခန်းတွင် ရေနက်ဆိပ်ကမ်းအသစ်ဖွင့်လှစ်ခဲ့ပြီးနောက် အနီးတဝိုက်သို့ သွားလာခွင့်နှင့် ငါးဖမ်းခွင့်ပိတ်ပင်ထားသည့်အတွက် ဒေသခံများ အခက်အခဲကြုံတွေ့ နေရကြောင်းသိရသည်။
ပြီးခဲ့သည့်၂၀၂၂ ခုနှစ် မေလအတွင်း ရှရှားရေတပ်၏ အကူအညီရယူကာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သားဖြစ်သူ အောင်ပြည့်စုံကုမ္ပဏီမှ တင်ဒါယူ၍ ဆိပ်ကမ်းအသစ်တည်ဆောက်ခဲ့ပြီး အောက်တိုဘာ ၇ ရက်နေ့က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပမ္မဝတီရေတပ်စခန်းနှင့် နီးစပ်သည့် တပ်သတင်းအရင်းအမြစ်များထံက သိရှိရသည်။
” ရှရှားရေတပ်ကအင်ဂျင်နီယာတွေခေါ်ပြီးတော့မနှစ်မေလထဲကစီမံကိန်းပုံစံနဲ့ ဆောက်နေတာ။ တစ်နှစ်ခွဲကျော်ကြာပြီးမှ စီမံကိန်းပြီးသွားပြီ။ စမ်းသုံးနေတဲ့အဆင့်ရောက်နေပြီ”ဟု ပမ္မဝတီရေတပ်စခန်းနှင့် နီးစပ်သည့်တပ်သတင်းအရင်းအမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဆိပ်ကမ်းကို တပ်အင်အားနှင့် ရိက္ခာသယ်ယူပို့ဆောင်ရန်၊ရေငုပ်သဘ်ောနှင့်စစ်သင်္ဘောအချို့ ဆိုက်ကပ်ရပ်နား၍ စက်ပိုင်းဆိုင်ရာပြင်ဆင်လုပ်ဆောင်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ သုံးဘီလီယံကုန်ကျခံ၍ တစ်နှစ်ခွဲကြာအချိန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။
အဆိုပါဆိပ်ကမ်းတည်ဆောက်နေစဥ်နှင့်ပြီးစီးသွားချိန်တွင် ဆိပ်ကမ်းအနီးတဝိုက်၌ ပမ္မဝတီရေတပ်သားအချို့ နေ့ရောညပါ ကင်းပုန်းဝပ်ခြင်း၊ဒေသခံများကိုဖြတ်သန်းသွားလာခွင့်နှင့်ဆိပ်ကမ်းအနီး ငါးဖမ်းခွင့် ကန့်သတ်ပိတ်ပင်ထားသည့်အတွက် အခက်အခဲများဖြင့်ရင်ဆိုင်နေရကြောင်းသိရှိရသည်။
”ဆိပ်ကမ်းဆောက်နေတာကနေပြီးသွားတဲ့အချိန်အထိ အနားကိုလုံးဝသွားခွင့်မပေးတော့ဘူး။ငါးဖမ်းခွင့်ပါပိတ်ခံထားရတယ်။ အဲ့အနားမှာမျှင်အကောင်တွေအရမ်းပေါတာ အခုဖမ်းမရတော့ စားဝတ်နေရေးအတွက် ခက်ခဲတာပေါ့။အခြားနေရာတွေမှာကလည်း မျှင်တွေသိပ်မရတော့အရမ်းခက်ခဲတယ်”ဟု မောင်ပါကျေးရွာဒေသခံ ရေလုပ်သားတစ်ဦးက ဆိုသည်။
ဟိုင်းကြီးကျွန်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပမ္မဝတီရေတပ်မှအင်အား(၃၀)ဝန်းကျင်ဖြင့်ကညင်ချောင်းကျေးရွာအတွင်းသို့ပြီးခဲ့သည့်စက်တင်ဘာလ ၂၆ ရက်နေ့က ဧည့်စာရင်းစစ်ဆေးရန် အကြောင်းပြ၍ စစ်ကြောင်းထိုးကာဒေသခံနေအိမ်နှင့်တဲ (၂၀)လုံးထက်မနည်းကိုမီးရှို့ဖျက်ဆီးကာ စိုက်ပျိုးရေးသုံးပစ္စည်းများကို သိမ်းဆည်းသွားခဲ့သည့်အတွက် ဒေသခံ၅၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ဓာတ်ပုံ-ပမ္မဝတီရေတပ်အတွင်း၌ရေနက်ဆိပ်ကမ်းအသစ်တည်ဆောက်ပြီးစီးမှုကိုGogleမှတဆင့်တွေ့ရစဥ်။
#ဟိုင်းကြီးကျွန်းရေတပ်စခန်း #ရေနက်ဆိပ်ကမ်း
#သွားလာခွင့်နှင့်ငါးဖမ်းခွင့်ပိတ်ပင် #ဒေသခံများအခက်ကြုံ #Ayeyarwaddy_Times