ကျော်လင်း/ဧရာဝတီတိုင်းမ်
(ဖျာပုံ)၊ ဇူလိုင်လ ၂၁ ရက်
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အမာမြို့မှာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက ကင်းစောင့်ဖို့အတွက် ကျေးရွာတွေမှာ ၁ အိမ် ၆၀၀၀ ကျပ်ကောက်ခံတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ ဘဝသစ်ကျေးရွာအုပ်စုထဲက ၁ ဘဝသစ်၊ ၂ ဘဝသစ်နဲ့ ကညင်ကုန်းကျေးရွာတွေက ဒေသခံပြည်သူတွေကို ကင်းစောင့်ဖို့အတွက်အကြောင်းပြကာ ဇူလိုင်လ ၁၉ ရက်နေ့ကစတင်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ ကျေးရွာတာဝန်ခံအဖွဲ့က လိုက်လံကောက်ခံနေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ ကင်းစောင့်ဖို့ အလှည့်ကျင်ရင် တအိမ် ၆၀၀၀ ပေးရတယ် မဖြစ်မနေပေးရတာ ကင်းအလှည့်ကျလို့ ဝင်စောင့်် ရင်လည်းပေးရတယ် မစောင့်ရင်လည်းပေးရတယ်”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ကျေးရွာလုံးခြုံရေးအတွက် ကင်းစောင့်ဖို့ကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ မီးသတ်စတဲ့ အဖွဲ့တွေကစီစဉ်ပြီး တစ်နေ့ကို ၁ ရပ်ကွက် ၃ အိမ်နှုန်း ကင်းချကာ ပိုက်ဆံကောက်ခံတာတွေပြုလုပ်နေတာလို့ ဆိုပါတယ်။
ကင်းစောင့်ဖို့အတွက် အလှည့်ကျတဲ့အခါ ကိုယ်တိုင်ဝင်စောင့်ရင်လည်း ပိုက်ဆံ ၆၀၀၀ ကျပ်ပေးနေရပြီး မပေးနိုင်တဲ့ဒေသခံတွေက ကျေးရွာတာဝန်ခံအဖွဲ့က အမာမြို့ကိုပို့ဆောင်ပြီး တရားစွဲမယ်လို့ ခြိမ်းခြောက် ပြောဆိုတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာတွေမှာကင်းစောင့်ဖို့အတွက် စစ်ကောင်စီက ညွှန်ကြားထားတာဖြစ်ပြီး အောက်ခြေမှာ စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းတွေက ဒေသခံပြည်သူတွေကို ငွေ ၆၀၀၀ ကျပ်တောင်းခံနေတာဟာ လက်လုပ် လက်စားပြည်သူတွေအတွက် ကြီးလေးတဲ့တာဝန်တစ်ခုလိုဖြစ်စေတယ်လို့ ဆိုပါတယ်။