ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၁ ရက်
မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ကမ္ဘာ့ခရီးမသွားသင့်သော နိုင်ငံများထဲတွင် ထပ်ဆုံးက ရပ်တည်နေကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ဝန်ရေးရာဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်တွင် တကမ္ဘာလုံးတွင် ခရီးမသွားသင့်ဆုံး နိုင်ငံ ၅ နိုင်ငံကို ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံသည် ထပ်ဆုံးအဆင့် ဖြစ်နေပြီး မြန်မာနိုင်ငံနောက်တွင် ဟောင်ကောင်၊ အီရန်၊ အီရတ်၊ မြောက်ကိုရီးယား၊ ရုရှားနှင့် ဗင်နီဇွဲလားနိုင်ငံတို့ အသီးသီး ရှိနေသည်။
အမေရိကန်နိုင်ငံ၏ ဘေးကင်းလုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်များအရ ခရီးသွားဧည့်သည်များကို လမ်းညွှန်ပေးနေသည့် အညွှန်းကိန်းတွင် ယခုလို ထည့်သွင်းခဲ့ခြင်းဖြစ်ပြီး၊ ခရီးသွားမည့်သူများအနေဖြင့် အဆိုပါ နိုင်ငံများကို သွားရောက်မည်ဆိုလျှင် ခရီးစဉ်နှင့် ပက်သက်သည့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အသေးစိတ် အချက်အလက်များကို ကောင်စစ်ဝန်ရုံးသို့ ပေးပို့ရန် လိုအပ်ကြောင်း ၎င်းတို့က သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စပြီး တိုင်းပြည်အာဏာကို အရပ်သားအစိုးရအဖွဲ့များထံမှ လက်နက်ဖြင့် အကြမ်းဖက် အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံများနှင့် ဥရောပ နိုင်ငံများနှင့် နိုင်ငံတကာ သံတမန်ဆက်ဆံရေး အလွန်လျော့ကျနေသည့် အနေအထားတွင်ရှိသည်။
အာဏာသိမ်း စစ်ကောင်စီကို သံတမန်နည်းအရ အစိုးရတရပ်အဖြစ် ဆက်ဆံမှု မရှိသလို အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့် အာဆီယံ နိုင်ငံ အနည်းငယ်ကသာ သံတမန် အသစ်ခန့်အပ်လွှာကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံသို့ ပေးပို့ခဲ့ခြင်းသာရှိပြီး ကုလသမဂ္ဂ၏ ဗီတိုအာဏာ သုံးခွင့်ရှိသော ရုရှားနှင့် တရုတ်နိုင်ငံတို့ကပင် နိုင်ငံခေါင်းဆောင် အစိုးရတရပ်သဖွယ် ဆက်ဆံရေးမရရှိသေးပေ။
‘‘ခရီးသွားမယ့် သူတို့နိုင်ငံသားတွေကို သူတို့သတိပေးတာပါ။ မြန်မာနိုင်ငံဟာ လက်ရှိအနေအထားအရ အမေရိကန်နိုင်ငံသားတွေအနေနဲ့ တော်ရုံအလုပ်နဲ့ ဗီဇာ(ပြည်ဝင်ခွင့်) ရဖို့ အခက်အခဲ အများကြီးရှိနေသလို သံရုံးတွေမှာလည်း သံအမတ်အဆင့်ကနေ လျော့ချခံထားရတော့ တကယ်လို့ သူတို့နိုင်ငံသားတွေ တစုံစတခုကြောင့် ပြဿနာတက်လာရင် သံခင်းတမန်ခင်းအနေနဲ့ ဖြေရှင်းရေးမှာ အခက်အခဲ ရှိနိုင်တာကြောင့် အခုလို အမေရိကန် အစိုးရအနေနဲ့ သတိပေးတာလို့ နားလည်တယ်’’ ဟု အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်ရှိ မြန်မာနိုင်ငံသားတဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်များအနေဖြင့် လက်ရှိအချိန်တွင် အာဆီယံနိုင်ငံများ၏ အစည်းအဝေးများတွင်ပင် ကန့်သတ်ခြင်းများ ခံနေရပြီး အနောက်ဥရောပနှင့် ကမ္ဘာ့နိုင်ငံများကို သွားလာရာတွင် တရုတ်၊ ရုရှားနိုင်ငံများမှလွဲ၍ မည်သည့်နိုင်ငံများကမှ သံခင်းတမန်ခင်းအရ အသိအမှတ်ပြု ခရီးသွားလာခွင့် မရရှိနေသေးပေ။
သို့သော်လည်း ၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာသော အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး၊ ပညာရေးနှင့် ကျန်းမာရေး ဝန်ကြီးအပါအဝင် ဥရောပနှင့် အမေရိကန်၊ ကုလသမဂ္ဂတို့တွင် NUG အစိုးရ၏ သက်ဆိုင်ရာ ကိုယ်စားလှယ်ရုံးများဖွင့်လှစ် ခန့်အပ်ခြင်း၊ သံတမန်ဆိုင်ရာ ပြောရေးဆိုခွင့် ရရှိနေပြီဖြစ်သည်။