ကိုကိုမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဇူလိုင်လ ၂၁ ရက်

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်အတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီတပ်က ဂျီဝမ်းအဆင့်ရှိတဲ့အရာရှိက ဒေသခံ ပြည်သူတွေကို ဖမ်းဆီးပြီး ပြန်ပေးဆွဲသလို ငွေတောင်းခံတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်က ဂျီဝမ်းအဆင့် ဒုတိယဗိုလ်မှူးကြီး နိုင်လွင်ဆိုသူမှာ ဒေသခံတွေကို အကြောင်း အမျိုးမျိုးပြဖမ်းဆီးပြီး ၁ ဦးကို ငွေကျပ် ၁၀ သိန်းကနေ သိန်း ၂၀ ကြားတောင်းယူတာတွေပြုလုပ်နေတယ်လို့ ဒေသတွေက ပြောပါတယ်။

“ သူကဖမ်းသွားပြီးလို့ ညှိလို့အဆင်ပြေမှ ပြန်လွှတ်ပေးတယ် အဆင်မပြေတဲ့သူတွေကို ဘာမှမဆိုင်တဲ့ လောင်းကစားပုဒ်မ၊ နိုင်ငံရေးပုဒ်မ၊ အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲထောင်ချခိုင်းတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ဒုတိယဗိုလ်မှူးကြီး နိုင်လွင်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မအူပင်မြို့ကိုပြောင်းရွှေ့လာသူတဦးဖြစ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူတွေ CDM ပြုလုပ်ထားတဲ့ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းတွေပါ ဖမ်းဆီးပြီး ငွေရမှာပြန်လွှတ်ပေးတာတွေပြုလုပ်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ဒုတိယဗိုလ်မှူးကြီဲး နိုင်လွင်ဟာ လောင်းကစားဒိုင်တွေနဲ့ သစ်မှောင်ခိုးလုပ်ငန်းလုပ်ကိုင်သူတွေကို လစဉ် ကြေးတောင်းယူတာတွေလည်းရှိသလို သစ်မှောင်ခိုးလုပ်ငန်းတွေကိုလည်း ပါဝင်လုပ်ကိုင်နေသူတဦးဖြစ်တယ် လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ခုလိုမျိုး မအူပင်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်က ဒုတိယဗိုလ်မှူးကြီး နိုင်လွင်ရဲ့ ပြန်ပေးဆွဲသလို ငွေတောင်း ယူတာတွေ တရားမဝင် သစ်မှောင်ခိုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းမ်သတင်းဌာနအနေနဲ့ ဒုတိယ ဗိုလ်မှူးကြီး နိုင်လွင်ကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် အဆက်သွယ် မရရှိသေးပါဘူး။