ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၈ ရက်

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်တွင် တပ်အင်အားစုဆောင်းရန်ဟု အကြောင်းပြကာ ကျေးရွာတစ်ရွာလျှင် လူငယ်သုံးဦး နှင့်ငွေ နှစ်သောင်းကျပ်ပေးရန် စစ်ကောင်စီတပ်က ဖိအားပေးဆောင်ရွက်ခိုင်းနေကြောင်း ဒေသခံများထံကသိရသည်။

တပ်သားအင်အားစုဆောင်းရန်အတွက် ပဲရုံဆိပ်၊တာကွေ့၊ နတ်ပေး၊ စားကျက်၊တူးချောင်း၊ဆားမလောက်နှင့် မဲဇလီ စသည့်ကျေးရွာများထံ အောက်တိုဘာလ ၅ ရက်နေ့ကစ၍ ကျေးရွာတစ်ရွာလျှင် လူငယ် သုံးဦးစီ လူအင်အား ပေးရန်အတွက် တာကွေ့ကျေးရွာ အခြေစိုက် (၉၀၅) အင်ဂျင်နီယာတပ်မှ ဖိအားပေးစေခိုင်းနေကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များထံက သိရသည်။

” တပ်သားစုဆောင်းရေးဆိုပြီးတော့ ရွာတိုင်းကိုလူငယ်အမျိုးသား သုံးယောက်စီအင်အားတောင်းနေတယ်။တာကွေ့၉၀၅ အင်ဂျင်နီယာတပ်ကနေအင်အားတောင်းတာ။မပေးရင်ပေါ်တာဆွဲမယ်ဆိုပြီး ခြိမ်းခြောက်ခံနေရတယ်”ဟု တာကွေ့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင်တပ်သားအင်အားစုဆောင်းရာတွင် ပါဝင်သူများအတွက် တစ်အိမ်လျှင် ငွေနှစ်သောင်းကျပ် တောင်းခံကာ အင်အားစုဆောင်းရာတွင် မပါဝင်သူများအနေဖြင့် တစ်အိမ်လျှင်ငွေ သုံးသောင်းကျပ် လစဥ်ပေးရန် အတင်းအကျပ်တောင်းခံမှုများ ရှိနေကြောင်း ကျေးရွာဒေသခံများထံက သိရှိရသည်။

” တပ်သားစုဆောင်းခံရတဲ့သူတွေက တအိမ်ကို နှစ်သောင်းတခါထဲငွေတောင်းတယ်။ မပါတဲ့သူတွေကျတော့ တအိမ်ကိုသုံးသောင်း လတိုင်းမပေးမနေရပုံစံအတင်းတောင်းနေတယ်။အခုလိုကြပ်တည်းတဲ့ အချိန်မှာ တမင်တကာ ငွေညှစ်နေတာ”ဟု စားကျက်ကျေးရွာမှ တပ်သားစုဆောင်းခံရသူ၏ မိသားစုဝင်တစ်ဦးကဆိုသည်။

တပ်သားအင်အားစုဆောင်းရာတွင် လူအင်အားမရသည့် ကျေးရွာများမှ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများကို သင်တန်းအတင်းအကျပ် တက်ရောက်ရန်စေခိုင်းမှုများရှိနေကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များထံက သိရသည်။

ညောင်တုန်းမြို့နယ်တွင် ပြီးခဲ့သည့်မတ်လမှစ၍ ကျေးရွာအလိုက် လုံခြုံရေးအကြောင်းပြ၍ ကြံခိုင်ရေးပါတီဝင် လူငယ်လူလတ်အရွယ်အမျိုးသား(၂၀၀) ကျော်ထက်မနည်းကို စစ်ကောင်စီတပ်မှအင်အားစုဆောင်းကာ နှစ်ပတ်ကြာ ပျူစောထီး(ပြည်သူ့စစ်)သင်တန်းဖွင့်လှစ်ခဲ့ပြီး ကင်းလှည့်သည့် လုပ်ငန်းစဉ်တွင် အသုံးချနေကြောင်း သိရသည်။

#ညောင်တုန်းမြို့ #ကျေးရွာတစ်ရွာ #လူငယ်သုံးဦး #နှစ်သောင်းပေးရန် #စစ်ကောင်စီ #ဖိအားပေးတောင်းယူ #Ayeyarwaddy_Times