
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၈ ရက်
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်နိုင် ခြင်းမရှိဘဲ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များစွာရှိနေသည့် စစ်ကောင်စီက ကျောက်မီး သွေး လျှပ်စစ်ဓာတ် အားပေးစက်ရုံ တည်ဆောက်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ပြီးခဲ့သည့် အောက်ဘာ ၄ ရက်နေ့က ကာဇက်စတန်နိုင်ငံရှိ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို သွားရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်စဉ် ကာဇက်စတန်နိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Satkaliyev Almassadam နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံတွင်လည်း ကျောက်မီးသွေးမှ လျှပ်စစ် ထုတ်ယူရန်ကြိုးပမ်းနေပြီး စွမ်းအင်ကဏ္ဍပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ကာဗွန်ဓာတ် ၅၀ ရာခိုင်နှုန်း ဝန်းကျင်ပါဝင်သည့် sub bituminous သာ ထွက်ရှိပြီး ကာဇက်စတန်နိုင်ငံမှ လျှပ်စစ်ထုတ်ရာတွင်သုံးသည့် ကျောက်မီးသွေးသည် အရည်အသွေးမြင့်သည့် အကောင်းစား Anthracite and Bituminous ဖြစ်၍ ကျောက်မီးသွေးဓာတ်အားပေး စက်ရုံတည် ဆောက်ပါက ကျောက်မီးသွေး တင်သွင်းရမည်ဖြစ်ကြောင်း သတ္တုတွင်းပညာရှင်တစ်ဦး ထံက သိရသည်။
“ ကျောက်မီးသွေးကို ကာဇက်စတန်ကတင်သွင်းရင် စရိတ်ပိုကြီးမယ်။ အနီးဆုံး အင်ဒိုနီးရှားကဘဲ။ IEA က သတ်မှတ်ထားတဲ့ emission (အလင်းအပူ ဓာတ်ငွေ့ ထုတ်လွှတ်မှု) အထဲကို ဝင်ရင်တော့ ဆောက်သင့်တာပေါ့။ ဘင်္ဂဂလားဒေ့ရှ် တောင်တစ်လုံးပြီးလို့ လည်နေပြီ” ဟု သတ္တုတွင်းပညာရှင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံတွင်ထွက်ရှိသော ကျောက်မီးသွေးသည် လျှပ်စစ်ဓာတ်အားထုတ်လုပ် နိုင်သည့်အထိ အရည် အသွေးပြည့်မီမှု မရှိ၍ နိုင်ငံခြားမှ ကျောက်မီးသွေး ဝယ်ယူပါက ကျောက်မီးသွေးသယ်ယူစရိတ်များအပြင် စုပုံထားချိန်တွင် မီးလောင်ခြင်း မဖြစ်ပေါ် စေရန်အတွက် ထားရှိရမည့် အစီအမံများစွာလိုအပ်မည်ဖြစ်ကြောင်း သိရသည်။
“ကိုယ့်ဆီမှာထွက်တဲ့ဓာတ်ငွေ့ကို သူများနိုင်ငံရောင်းစားထားတော့ ကိုယ်ကသုံးဖို့ မရှိဘူး။ အဲဒီလိုစက်ရုံတည်ရင်တော့ ကိုယ့်ရဲ့ ဓာတ်ငွေသုံးခွင့်ရလာတဲ့အခါ ဓာတ်ငွေပြောင်းသုံးရင် emission လျော့လာနိုင်တယ်” ဟု သတ္တုတွင်းပညာရှင်က ဆက်လက်ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လျှပ်စစ်မီးကို အချိန်ပိုင်းဖြင့်သာရရှိပြီး တစ်ရက်လျှင်ပျှမ်းမျှ ၈ နာရီခန့် သာလျှပ်စစ်မီးပေးနိုင်၍ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ နှစ်မျိုးသုံးနိုင်သည့် စက်ရုံတည်ဆောက်ပါက ကျောက်မီးသွေး တန်ချိန် ၄၀၀၀ ( သို့မဟုတ်) သဘာဝဓာတ်ငွေ့ ၈၄ ကုဗပေသန်းလိုအပ်ပြီး ဓာတ်အား ၅၁၀ မဂ္ဂါဝပ် ထွက်ရှိနိုင်ကြောင်းသိရသည်။
အဆိုပါစက်ရုံမှ လောင်ကျွမ်းပြီး ကျောက်မီးသွေးပြာများကို နည်းပညာအသုံးပြုကာ အဆင့်ဆင့် သန့်စင်၍ ၉၉ ရာခိုင်နှုန်းသန့်စင်ပြီး လေထုထဲသို့လွှင့်ထုတ်ပါက သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိနိုင်ကြောင်းသိရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်တွင် LNG ဓာတ်ငွေ့ရည်ဖိုးမပေးနိုင်သဖြင့် LNG သင်္ဘောပြန်သွားခြင်း၊ ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများ ပျက်စီးခဲ့ခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများဖြစ် ပွားလျက်ရှိသည်။
အဓမ္မ အာဏာသိမ်းယူစဉ်က လျှပ်စစ် ဘတ်စ်ကားနှင့် လျှပ်စစ် ရထားများ ပြေးဆွဲမည်ဟု ကြွေးကြော်ခဲ့သော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က“ မြန်မာနိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက် ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းနိုင် ခြင်းမရှိသေးဘူး” ဟု ဝန်ခံထားသည်။
လက်ရှိလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် သဘာဝဓာတ်ငွေ့မှ ၅၆ ရာခိုင်နှုန်း၊ ရေအားလျှပ်စစ်မှ ၄၀ ရာခိုင်နှုန်း၊ ကျောက်မီးသွေးမှ သုံး ရာခိုင်နှုန်း၊ ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များမှ တစ်ရာခိုင်နှုန်း ထုတ်လုပ်လျက်ရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သိရသည်။
အာရှအလယ်ပိုင်းမြို့ ကာဇက်စတန်နိုင်ငံသည်ကျောက်မီးသွေးထွက်ရှိသည့်နိုင်ငံဖြစ်ပြီး နိုင်ငံ၏လျှပ်စစ် ဓာတ်အားကို ကျောက်မီးသွေးမှ ၈၄ ရာခိုင်နှုန်း၊ ရေအားဖြင့် ၁၂ ရာခိုင်နှုန်းအပါအဝင် လေအားများဖြင့် ထုတ်လုပ်ကြောင်းသိရသည်။
ဓာတ်ပုံ – MOI ၊ လူမှုကွန်ရက်
ပုံစာ- စစ်ကောင်စီ ဝန်ကြီး ဦးကိုကိုလွင်နှင့် ကာဇက်စတန်နိုင်ငံ စွမ်းအင်ဝန်ကြီး
#လျှပ်စစ်ဓာတ်အား #စစ်ကောင်စီ #ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံ #တည်ဆောက်ရန်ပြင်ဆင် #Ayeyarwaddy_Times