ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ အောက်တိုဘာလ ၈ ရက်

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကိုင်းကွင်းရွာနှင့်ထန်းကုန်းရွာကြား ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြီးခဲ့သည့် အောက်တို ဘာလ ၆ ရက်၊ ညနေ ၄ နာရီဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်ခံ သစ်ပုတ်တာဝါတိုင်အထိုင်စခန်းမှ ပဲခူးရိုးမအတွင်း စစ်ကြောင်း ထိုးလာသည့် အင်အား ၂၅ ဦးပါ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ် ဦးသေဆုံးခဲ့ပြီး ငါး ဦးထိခိုက်ဒဏ်ရာ ရခဲ့ကြောင်းသိရသည်။

“စစ်ကောင်စီကရိုးမပေါ်ကို စစ်ကြောင်းထိုးနေကြပဲ။ သူတိုဘက်က နယ်မြေ ရှင်းလင်းရေး လုပ်တယ်ဆိုပြီးစစ်ကြောင်းထိုးနေတာ။ သူတို့ကအဲဒီမှာ နယ်မြေ ရှင်းလင်းရေး လုပ်တဲ့အဖွဲ့ကတစ်ဖွဲ့ရယ် တာဝါတိုင်စောင့်တာကတစ်ဖွဲ့နဲ့ရယ်ဆို နှစ်ဖွဲ့ ပေါင်း အင်အား ငါးဆယ် ကျော်လောက်ရှိတယ်” ဟု တပ်ရင်း ၃၆၀၁ (PPDF)တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ကြိုးကုန်းရွာဘက်ကိုပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား ပြည်ခရိုင်တပ်ရင်းများဖြစ်သည့် (၃၆၀၁ PPDF) တပ်ရင်း Sniper တပ်ဖွဲ့၊ တပ်ခွဲ(၁)၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၅)၊ (၃၆၀၂ PDF)တပ်ရင်းတပ်ခွဲ(၄)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီက ရှေ့တန်းအထွက်ပြသည့်အနေဖြင့် ပဲခူးရိုးမ အတွင်း စစ်ကြောင်းထိုးခြင်းများမကြာခဏပြုလုပ်လေ့ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း သိမ်ကုန်းတာဝါတိုင်စခန်းကုန်းမှ ရိုးမအတွင်းသို့ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ – Bago Region PDF

#ပေါင်းတည် #ပဲခူးရိုးမ #စစ်ကြောင်းထိုး #တိုက်ပွဲ #စစ်ကောင်စီတပ်သား၂ဦးသေ #ppdf #Ayeyarwaddy_Times