ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၈ ရက်

ဂါဇာကမ်းမြှောင်ဒေသရှိ ပါလက်စတိုင်းစစ်သွေးကြွတွေက အစ္စရေးနိုင်ငံအပေါ် ရုတ်တရက် တိုက်ခိုက်မှု တစ်ခု ပြုလုပ်ခဲ့ရာ ပြည်သူ ၇၀ ထက်မနည်း သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပါလက်စတိုင်းစစ်သွေးကြွတွေက စနေနေ့မနက်ပိုင်းမှာ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဂါဇာ ကမ်းမြှောင်ဒေသမှ အရေအတွက်မသိရတဲ့ သေနတ်သမားတွေဟာ အစ္စရေးနိုင်ငံထဲရှိ မြို့တွေထဲကို ကျူးကျော် တိုက်ခိုက်ခဲ့တာပါ။

အစ္စရေး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အစ္စရေးနိုင်ငံသား အမြောက်အများကို ဓားစာခံ အဖြစ် ဖမ်းဆီးခဲ့တယ်လို့ အစ္စလာမ္မစ်အဖွဲ့ ဟားမာ့စ်က ပြောပါတယ်။

ဒါ့အပြင် ဂါဇာကမ်းမြှောင်ဒေသမှ အစ္စရေးနိုင်ငံတောင်ပိုင်းနဲ့ အခြားဒေသတွေကို ဒုံးကျည် အစင်း ၂၀၀၀ ကျော် ပစ်လွှတ်ခဲ့ပါတယ်။

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြှောင်ဒေသရှိ ဟားမာစ်အဖွဲ့ရဲ့ ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု တွေပြုလုပ်ပြီး လက်တုံ့ပြန်ခဲ့ရာ လူ ၂၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသန္တရ ကျန်းမာရေးအာဏာပိုင်တွေက ပြော ပါတယ်။

ဟားမာစ်အကြမ်းဖက်သမားတွေရဲ့ အစ္စရေးအရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကို ရှုတ်ချတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အစ္စရေးနိုင်ငံသားတွေအပေါ် ဟားမာစ်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် အံ့အားသင့်ခဲ့ရပြီး အစ္စရေးနိုင်ငံက ကိုယ့်ကိုကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနတ်ခ်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မေခရွန်ကလည်း အစ္စရေးနိုင်ငံအပေါ် အကြမ်းဖက်တိုက်ခိုက်မှုကို အပြင်းအ ထန် ရှုတ်ချခဲ့ပြီး သေဆုံးသူတွေ၊ သူတို့ရဲ့မိသားစုတွေ၊ ချစ်ခင်ရသူတွေနဲအတူ အပြည့်အဝ ရှိနေတယ်လို့ ပြောပါ တယ်။

အလျင်အမြန် ဆိုးရွားလာတဲ့ အခြေအနေနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိတယ်လို့ ရုရှား နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက လူမှုကွန်ရက်တစ်ခုမှာ ရေးသားခဲ့ပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး စိတ်ရှည်သည်းခံကြဖို့နဲ့ အခြေအနေမဆိုးလာအောင် ရှောင်ကြဉ်ကြဖို့ တူရကီသမ္မတ ရီစက်တေယက်အာဒိုဂန်က တောင်းဆိုလိုက်ပါတယ်။

ဇီယွန်ဝါဒီတွေရဲ့ ပါလက်စတိုင်း ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေကို သတ်ဖြတ်မှုအပေါ် နိုင်ငံတ ကာ အဖွဲ့အစည်းတွေက ရေငုံနှုတ်ပိတ်နေတယ်လို့ အီရန်ခေါင်းဆောင် အယာတိုလာအလီခါမေနီရဲ့ အကြံပေး တစ်ဉီးက ပြောကြားလိုက်ပါတယ်။

ကိုးကား – NHK
Ref; Casualties rise in massive surprise attack on Israel

#Ayeyarwaddy_Times