
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၇ရက်
ဧရာဝတီတိုင်း ရေကြည်မြို့တွင် လျှပ်စစ်မီတာပုံး ဖြုတ်သိမ်းခံရမှုအပေါ် မကျေနပ်၍ လူမှုကွန်ယက်ပေါ် ရေးတင်ခဲ့သည့် Non CDM ပညာရေးဝန်ထမ်း (၁၀)ဦးကို ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့က ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရကြောင်း သတင်းရရှိသည်။
ရေကြည်မြို့တွင်း ရပ်ကွက်နေရာအလိုက် လျှပ်စစ်မီတာခ မပေးဆောင်သည့် နေအိမ်များ၏ မီတာပုံးများကို လိုက်လံဖြုတ်သိမ်းခံမှုနှင့် ပက်သက်၍ လူမှုကွန်ယက်ပေါ် ရေးတင်ခဲ့သည်ဟုဆိုကာ အောက်တိုဘာလ ၅ ရက်နေ့က အထက်တန်းပြ ကျောင်းဆရာမ နှစ် ဦး၊ အလယ်တန်းပြကျောင်းဆရာမ သုံး ဦး နှင့် မူလတန်းပြ ကျောင်းဆရာမ ငါး ဦး ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။
” လိုင်းပေါ်ကို မီတာပုံးတွေ အဖြုတ်ခံရတာနဲ့ ပက်သက်ပြီးတော့ ရေးတင်လို့ ရဲတွေလာဖမ်းသွားတာ။ ရဲစခန်းမှာ တစ်ညဖမ်းပြီး အစစ်ခံခဲ့ရတယ်။ အမှုတော့ အဖွင့်မခံရဘူး”ဟု ဖမ်းဆီးခံရသူအထက်တန်းကျောင်းဆရာမ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဖမ်းဆီးခံရသူ ကျောင်းဆရာမများကို တစ်ဦးလျှင်ငွေကျပ် ငါးသိန်း တောင်းခံ၍ ခံဝန်လက်မှတ် ရေးထိုးစေကာ ပြန်လွှတ်ပေးခဲ့ကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများထံက သိရသည်။
” စခန်းမှူးကို ငါးသိန်းပေးလိုက်ရတယ်။ ခံဝန်ကတိထိုးပြီးတော့ ပြန်လွှတ်ပေးတယ်။ နောက်တခါဆိုရင် အမှုဖွင့်ခံရမယ်လို့ ခြိမ်းခြောက်ခံရတယ်”ဟု ဖမ်းဆီးခံရသူ မူလတန်းပြကျောင်းဆရာမတစ်ဦးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ရေကြည်မြို့တွင် အောက်တိုဘာလ ပထမအပတ်ကစကာ စစ်ကောင်စီလက်အောက်ခံ မြို့နယ်လျှပ်စစ်ဌာရုံးမှ မီတာပုံးသိမ်းယူခြင်းနှင့် မီးဖြတ်ခံရမှုအပေါ် မကျေနပ်၍ အွန်လိုင်းပေါ်တင်သူ မြို့ခံလူငယ်နှင့် လူလတ်အရွယ် အမျိုးသား နှင့်အမျိုးသမီး ၂၀ ဦးထက်မနည်းကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ တစ်ဦးလျှင်ငွေ ကျပ် ငါးသိန်း ဝန်းကျင် တောင်းခံပြီး ခံဝန်ကတိထိုးကာ ပြန်လွှတ်ပေးမှုများ ပြုလုပ်ခဲ့သည့် ဖြစ်စဥ်များရှိကြောင်း ဒေသခံများက ပြောသည်။
#ရေကြည်မြို့ #မီတာပုံးဖြုတ်သိမ်းခံရ #မကျေနပ် #လူမှုကွန်ယက် #ရေးတင် #ကျောင်းဆရာမ #၁၀ဦး ဖမ်းဆီးခံရ #Ayeyarwaddy_Times