
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၇ ရက်
ဧရာဝတီတိုင်း ဇလွန်မြို့ပေါ်တွင် အောက်တိုဘာလ ပထမအပတ်မှစ၍ ညစဥ်ကင်းလှည့်ရာ၌ စစ်ကောင်စီတပ်အစား ပျူစောထီး(ပြည်သူ့စစ်)များကို ပိုမိုအသုံးပြုလာကြောင်း ဒေသခံများထံက သိရသည်။
ဇလွန်မြို့ပေါ်ရှိ လမ်းဆုံနေရာနှင့် ရပ်ကွက်နေရာများတွင် အောက်တိုဘာလ ၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအစား ပြည်သူ့စစ် သင်တန်းဆင်းထားသည့် ပျူစောထီး(ပြည်သူ့စစ်)အင်အား ၅၀ နီးပါးကို အသုံးပြု၍ ရဲနှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဖြင့် ပူးပေါင်းကာ ညစဥ်ကင်းလှည့်လာရာတွင် အသုံးပြုလာကြောင်း မြို့ခံများထံက သိရှိရသည်။
” အခုနောက်ပိုင်း ညပိုင်းကင်းလှည့်ရင် ပြည်သူ့စစ်တွေပိုတွေ့လာတယ်။ ရဲနဲ့ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရောပြီးပါလာတာ။အယောက်၅၀ လောက်ရှိနေပြီ။ စစ်သားတွေတောင် သိပ်မတွေ့ရတော့ဘူး”ဟု အမှတ် ၂ ရပ်ကွက် ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင်စစ်ကောင်စီတပ်အင်အားအချို့ကို ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့ထံ ရှေ့တန်းပို့လွှတ်နေမှုကြောင့် အင်အားနည်းပါးနေ၍ ပျူစောထီး(ပြည်သူ့စစ်)များကို အသုံးပြုရန် ဓနုဖြူအခြေစိုက် ခမရ (၁၀၈)တပ်ရင်းမှူးမှ ပြီးခဲ့သည့်အောက်တိုဘာလ ၆ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရှိရသည်။
” ပြည်သူ့စစ်သင်တန်းပေးတာအချို့ သင်တန်းဆင်းကုန်တယ်။အဲတာကြောင့် အင်အားအစားထိုးပုံစံနဲ့ အသုံးပြုနေတာပေါ့။ တပ်အင်အားလျော့ပြီးတော့ ပြည်သူ့စစ်နဲ့ အစားထိုးအသုံးပြုတဲ့ သဘောပြောလို့ရတယ်” ဟု ခမရ -၁၀၈ နှင့် နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်ကဆိုသည်။
ဇလွန်မြို့နယ်တွင်ပြီးခဲ့သည့် ဇူလိုင်လနှင့် စက်တင်ဘာအတွင်း ပျူစောထီး(ပြည်သူ့စစ်)အင်အားစုဆောင်းရန် နှင့် စစ်သင်တန်းပေးရန် အကြောင်းပြကာ လူငယ်အမျိုးသား ၁၅၀ ဦးထက်မနည်းကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စာရင်းကောက်ခံ၍ ခမရ -၁၀၈ တပ်တွင်းတွင် နှစ်ပတ်ကြာသင်တန်းပေးခဲ့ကြောင်း သိရသည်။
#ဇလွန်မြို့ #ကင်းလှည့်ရာတွင် #စစ်ကောင်စီတပ်အစား #ပြည်သူ့စစ်များကို #ပိုမိုအသုံးပြုလာ
#Ayeyarwaddy_Times