
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၇ ရက်
ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ညစဥ်ကင်းလှည့်နေသော်လည်း တစ်လအတွင်း ခိုးဆိုးလုယက်မှု ၅၀ ကျော် အထိရှိနေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့်စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့မှ ညစဥ်ကင်းလှည့်မှုများ ရှိနေသော်လည်း ခိုးဆိုးလုယက်မှု ဖြစ်စဥ်များ ကျဆင်းသွားခြင်းမရှိသည့်အပြင် ပိုမိုဖြစ်ပွားလာသည့်အတွက် ဒေသခံများမှာ မိမိအစီအစဥ်ဖြင့် နေထိုင်ရကြောင်း မြို့ခံများကပြောသည်။
” ရဲတွေစစ်တပ်တွေကို အားကိုးလို့မရဘူး။ လမ်းသွားရင်တောင် ည ၈နာရီ ကျော်တာနဲ့ကို အပြင်မသွားရဲဘူး။ လမ်းမှာပဲဖြတ်လုမလားဆိုပြီး ကြောက်နေရတယ်။ အိမ်မှာဆို ညတိုင်းတုတ်တွေ ဓားတွေအနားမှာထားပြီး အိပ်နေရတယ်” ဟုမော်လမြိုင်ကျွန်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ခိုးဆိုးလုယက်မှုပေါင်း (၅၀ )မှု အထိရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူများမှာ နယ်ခံမဟုတ်သည့်အတွက် ဖမ်းဆီးနိုင်ရန် ခက်ခဲမှုများရှိနေကြောင်း မြို့နယ်ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် ရဲသတင်းရင်းမြစ်က ပြောသည်။
” ခိုးဆိုးလုယက်မှုတေွ များနေတယ်ဆိုပေမယ့် အချို့အမှုမဖွင့်တဲ့သူတွေလည်း ရှိတော့ အမှုဖွင့်တဲ့စာရင်းထက် များသွားနိုင်တယ်။ ပြစ်မှုကျူးလွန်တဲ့သူတွေက နယ်ခံတွေမဟုတ်တာဆိုတော့ ဖမ်းဆီးဖို့ ခက်နေတာလည်းပါတယ်။ ယခင်လတွေထက် အခြေအနေပိုဆိုးလာတယ်”ဟု မြို့နယ်ရဲစခန်းနှင့် နီးစပ်သည့် ရဲသတင်းရင်းမြစ်က ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လကလည်း စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့မှ ညစဥ်ကင်းလှည့်မှုများ ပြုလုပ်ခဲ့သော်လည်း ခိုးဆိုးလုယက်မှု ဖြစ်စဥ် ၄၀ နီးပါးရှိခဲ့ကာ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း မြို့ခံများကပြောသည်။
#မော်လမြိုင်ကျွန်း #စစ်ကောင်စီတပ် #ရဲမှကင်းလှည့် #ခိုးဆိုးလုယက်မှု #၅၀ကျော်အထိရှိနေ
#Ayeyarwaddy_Times