ဧရာဝတီတိုင်းမ်
(မတူပီ)၊ အောက်တိုဘာ ၇ ရက်

ချင်းပြည်နယ်၊ မတူပီ-ဟားခါးလမ်းရှိ ခရိုင်ရုံးနှင့် ငလိုင်ကျေးရွာအကြားတွင် ယမန်နေ့ အောက်တိုဘာ ၆ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ဘက်က ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“မနေ့က မနက်ပိုင်းက မတူပီမြို့၊ ခလရ ၁၄၀ တပ်ရင်းကနေ ခရိုင်ရုံးကို တပ်ချထားတဲ့ အဖွဲ့က ဟားခါးလမ်းဘက်ကို စစ်ကြောင်းထိုးလာတယ်။ ကျွန်တော်တို့က ခရိုင်ရုံးနဲ့ ငလိုင်ကျေးရွာအကြားမှာ ဖြတ်ပြီးတော့ တိုက်တာ။ နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားပြီးတော့ သူတို့က တပ်ဆုတ်သွားတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ ပြောရေးဆိုခွင့်ရှိသူဆလိုင်းနိုင်ဂျွန်ကိမ်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်အင်အား ၈၀ ခန့်သည့် ခရိုင်ရုံးမှနေ၍ လက်နက်ကြီးများဆက်တိုက်ပစ်ခတ်နေသဖြင့် တိုက်ပွဲများ အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သည့်အတွက် ဟားခါး-မတူပီလမ်းကို အသုံးမပြုကြရန် အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေမှုကြောင့် ကျေးရွာအနီးရှိ ဒေသခံများအတွက် စိုးရိမ်ရကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)က ဆိုသည်။

ပုံစာ-CDF-မတူပီတပ်ဖွဲ့ဝင်များ

#ချင်းပြည်နယ် #မတူပီ #တိုက်ပွဲဖြစ်ပွား #စစ်ကောင်စီတပ်ဖွဲ့ဝင် #နှစ်ဦးသေဆုံး #Ayeyarwaddy_Times