
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၇ ရက်
လက်ခစားအထည်ချုပ် ဝန်ထမ်းများအပါအဝင် စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများ၏ အခြေခံ တစ်ရက်လုပ်ခကို ၄၈၀၀ ကျပ်မှ ၅၈၀၀ ကျပ်သို့ ကျပ်တစ်ထောင်) တိုးမြင့်ကာ အနည်းဆုံး အခကြေး ငွေနှုန်းထားအဖြစ် ပြောင်းလဲသတ်မှတ်ကြောင်း အောက်တိုဘာ ၅ ရက်နေ့တွင် စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါတိုးမြင့်ငွေကို အောက်တိုဘာ ၁ ရက်နေ့မှစတင်ကာ ခံစားခွင့်ပြုရမည်ဖြစ်ကြောင်းသိရသည်။ သို့ရာတွင် အနည်ဆုံးအခကြေးငွေ သတ်မှတ်ခြင်းနှင့် အပိုထောက်ပံ့ကြေးသတ်မှတ်ချက် မတူညီကြောင်း၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက်သည် ဥပဒေကဲ့သို့အာဏာတည်ရမည်ဖြစ်ပြီး အပိုထောက်ပံ့ကြေးသည် အချိန်မရွေး ပယ်ဖျက်နိုင်ကြောင်း အလုပ်သမားရေးရာကျွမ်းကျင်သူတစ်ဦးက ပြောသည်။
အဆိုပါတိုးမြင့်ငွေသတ်မှတ်ရာ စစ်ကောင်စီထုတ်ပြန်ချက်တွင် အနည်းဆုံးအခကြေးငွေနှုန်းထားပြင်ဆင် သတ်မှတ်ကြေညာခြင်းဟု ခေါင်းစဉ်တပ်ထားပြီး အပိုဆုကြေးအဖြစ် ကျပ်တစ်ထောင်ကို ထပ်မံခံစားခွင့်ပြုခြင်းဖြစ်ကြောင်း ရေးသားထားသည်။
“ဒါကစကတည်းက အလုပ်ရှင်တွေက ကျပ် ၅၀၀၀ ကျော်ပဲတိုးချင်တာမလို့ ၅၆၀၀ဆိုပြီး အသံထုတ်ခဲ့ကြတဲ့အပေါ်ကို နောက်က လိုက်ပေးတာလို့မြင်တယ်။ လက်ရှိကုန်ဈေးနှုန်းနဲ့က ကျပ် ၁၀၀၀ ဆိုတာက ကြက်ဥ သုံးလုံးဖိုးပဲရှိတာ။ သူတို့က အမြဲတမ်း လူနာလည်အောင် မထုတ်ဘူး။ အခုလည်း ၅၈၀၀ကျပ် ဆိုရင်လည်း ၅၈၀၀ ကျပ် ပေါ့။ ဒါကြောင့် ကျွန်မ ကတော့ အချိန်ပို လုပ်အားခကိုလည်း ၅၈၀၀ ကျပ်နှုန်းနဲ့ တွက်မယ်လိုပဲ သုံးသပ်ပါတယ် ” ဟု သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် ( မြန်မာ) မှာ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှု၊ အဆောင်လခနှင့် အိမ်ငှားစရိတ်များ မြင့်တက်လာပြီး စားဝတ်နေရေး ခက်ခဲလာကာ လစာမလုံလောက်သဖြင့် အနိမ့်ဆုံးတစ်ရက်လုပ်ခ ကျပ်တစ်သောင်းတိုးမြင့်ပေးရန် အထည်ချုပ်ဝန်ထမ်းများက တောင်းဆိုလျက်ရှိသည်။
စစ်ကောင်စီလက်အောက်ရှိ အစိုးရဝန်ထမ်းများနှင့် စစ်သားများကို ထောက်ပံ့ကြေးအဖြစ် တစ်လကျပ် သုံးသောင်းတိုးမြင့်ပြီး ဌာနဆိုင်ရာရှိ နေ့စားအလုပ်သမားများကို တစ်ရက် တစ်ထောင်ကျပ်နှုန်း တိုးမြင့်ပေးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား ခွဲခြားခြင်းမရှိဘဲ တစ်ပြေးညီ တစ်ရက် ၈ နာရီ လုပ်အားခအတွက် အနည်းဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်နှုန်းကို အနည်းဆုံးလုပ်ခ ကြေးငွေအဖြစ် ၂၀၁၈ ခုနှစ်က သတ်မှတ်ခဲ့သည်။
မြန်မာနိုင်ငံတွင် အထည်ချုပ်အလုပ်သမား ငါးသိန်းခန့်ရှိပြီး အထည်စက်ရုံပေါင်း ၆၀၀ နီးပါးရှိကြောင်း ၂၀၂၀ ပြည့်နှစ် အချက်အလက်များအရ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍသည် နှစ်အနည်းငယ်အတွင်း အလွန်လျင်မြန်စွာ ဖွံ့ဖြိုးလာကာ ထုတ်ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံထိရှိလာမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း ၁ ဒသမ ၅ သန်းဖန်တီးနိုင်မည်ဖြစ်ကြောင်း စစ်တပ်ကအာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) က ခန့်မှန်းထားသည်။
#အနိမ့်ဆုံး #အခြေခံလုပ်ခလစာနှုန်းထားကို #တစ်ရက်လျှင် #၅၈၀၀ကျပ် #တိုးပေးရန်သတ်မှတ်