
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၇ ရက်
အာဏာသိမ်း စစ်ကောင်စီနှင့် ပြီးခဲ့သည့်စက်တင်ဘာလအတွင်း တိုက်ပွဲ ၄၁ ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ကျော်နှင့် လက်နက်ကြီးဖြင့် အကြိမ် ၄၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်-TNLA ထံမှ သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ ကွတ်ခိုင်အပြင် မိုးကုတ်မြို့နယ်တို့တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများဖြင့် ဗုံးကြဲခြင်းအပါအဝင် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာကြောင်းTNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
“အဓိကတိုက်ပွဲဖြစ်ပွားရခြင်း အကြောင်းအရင်းက ကျွန်တော်တို့ဆီကို ထိုးစစ်ဆင်တက်လာဖို့ စစ်ကောင်စီတပ်က ကြိုးစားလို့ ကျွန်တော်တို့က ပြန်လည်ခုခံ တိုက်ခိုက်တာ ဖြစ်ပါတယ်။ တိုက်ပွဲကတော့ စက်တင်ဘာ ၂၈ ရက်မှာ ရပ်သွားခဲ့ပေမယ့်လည်း နေ့တိုင်းသူတို့က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေဆဲပေါ့နော်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး တားအိုက်ကျော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် အောက်တိုဘာလ ၆ ရက်ထိတိုင် နေ့စဉ်ပစ်ခတ်နေသော်လည်းTNLA ဘက်မှ ပြန်လည်တိုက်ခိုက်ခြင်း မရှိခဲ့သောကြောင့် လတ်တလောတွင် တိုက်ပွဲဖြစ်ပွားမှု မရှိသေးကြောင်း ၎င်းက ဆိုသည်။
မူဆယ်မြို့နယ်ရှိ စယ်လန့်၊ မန်ကန်၊ ဆိုင်ခေါင်၊ နာထန်၊ ဂေါင်ရာ၊ နမ့်တောင်း၊ ဖာဖိန့်၊ ၁၀၅ မိုင်၊ လွယ်ကီလောက်၊ လွယ်နောတောင်အနီးတို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့က နေ့စဉ် ထိုးစစ်ဆင်နေခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သလိုTNLA ဘက်မှ တန်ပြန်ထိုးစစ်ဆင်မှုကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည်များလည်းရှိကြောင်း သိရသည်။
အလားတူ ကွတ်ခိုင်မြို့နယ်ရှိ ကောင်းမှုရာ၊ ခိုမုန်း၊ လင်းလုံ၊ မိုင်းယု၊ နမ့်ဖက်ကာ၊ လုံဆွေ၊ မန့်မိန်းအနီးတို့တွင်လည်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် TNLA တပ်ရှိရာသို့ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်လာခြင်းနှင့် အင်အားအများအပြား ဖြည့်တင်းခြင်းတို့ကြောင့် နှစ်ဖက်ထိပ်တိုက်တွေ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မိုးကုတ်မြို့နယ်ရှိ အထက်ညောင်ကုန်း၊ အောက်ညောင်ကုန်း၊ ကုန်းစံ၊ ဖြူရောင်၊ ပန်သပြေ၊ ရေထွက်ကြီးကျေးရွာအနီးတို့တွင် စစ်ကောင်စီတပ်က TNLA ၏ တပ်စခန်းနေရာများအား နယ်မြေစိုးမိုးရေးလုပ်ရန် ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်အား တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်မှုများလည်းရှိကြောင်းTNLA ထံမှ သိရသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိသော်လည်း စာရင်းအတိကျကိုမူ မသိရှိရသေးကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်မှ ၁၀၅ မိုင် တပ်စခန်း၊ လွယ်ကျယ်လော့ တပ်စခန်း၊ နမ့်ဖက်ကာ တပ်စခန်းနှင့် မိုးကုတ်မြို့နယ်တို့မှ လက်နက်ကြီးများဖြင့် အကြိမ် ၄၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TNLA ဘက်က ဆိုသည်။
ယင်းအပြင် စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးခြင်း၊ ဗုံးစထိမှန်ဒဏ်ရာရှိခြင်းနှင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ငါး ဦး ထက်မနည်း သေဆုံးခဲ့ရကြောင်းTNLA ဘက်က ပြောသည်။
#စစ်ကောင်စီ #TNLAတို့ #တစ်လအတွင်း #တိုက်ပွဲ (၄၁)ကြိမ်ဖြစ် #လေကြောင်းတိုက်ခိုက်မှု #အကြိမ် #၂၀ကျော်လက်နက်ကြီး #အကြိမ်၄၀၀ကျော် #ပစ်ခတ်တိုက်ခိုက် #Ayeyarwaddy_Times