ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ ဇူလိုင်လ ၂၁ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ကိုယ်ပိုင်အမှတ်(လ-၂၅၅၈၆၃) ရဲတပ်သားပြည့်ဆန်းနောင်သည် လက်နက်အပြည့်အစုံဖြင့် CDF-Kanpetletထံသို့ အလင်းဝင်လာပြီး မိမိတို့ CDF-Kanpetletက နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်း ဇူလိုင်လ(၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
“ရဲတပ်သားပြည့်ဆန်းနောင်ဘက်က လက်နက်အပြည့်အစုံနဲ့ အလင်းဝင်ရောက်လိုကြောင်း CDF-Kanpetletထံ ဆက်သွယ်လာခဲ့ပြီး မိမိတို့ CDF-Kanpetletဘက်က ဇွန်လ(၂၃)ရက်နေ့မှာ ဆင်ပြေချောမွေ့စွာနဲ့ သွားရောက်ခေါ်ဆောင်နိုင်ခဲ့တယ်၊ G-3လက်နက်(၁)လက်ပါ ယူဆောင်လာတဲ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၆၀)ကို CDF-Kanpetletက ပေးအပ်ခဲ့ပါတယ်၊ ပြည်သူနှင့် ပူးပေါင်းလိုတဲ့ စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့တွေအနေနဲ့ မိမိတို့ CDF-Kanpetletမှ နွေးထွေးစွာ ဖိတ်ခေါ်ကြိုဆိုပါတယ်၊ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်” ဟု CDF-Kanpetletမှ ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရဲတပ်သားပြည့်ဆန်းနောင်အား ၎င်းဆန္ဒအရ လွတ်မြောက်နယ်မြေကို CDF-Kanpetletမှ ဘေးကင်းစွာ ပို့ဆောင်ပေးပြီဖြစ်ကြောင်းသိရပြီး ဇူလိုင်လ(၁၃)ရက်နေ့တွင် CDF-Kanpetletမှ မြို့တွင်းပြောက်ကြားစစ်ဆင်ရေး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦးသေဆုံးခဲ့ကြောင်း CDF – Kanpetlet က သတင်းထုတ်ပြန်ထားသည်။