ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၁ ရက်
ကော်သူးလေတပ်မတော်(Kaw Thoo Lei Army) ဖွဲ့စည်းခြင်းသည် NCA စာချုပ်အားဖြင့် စစ်ရေးအရချုပ်နှောင်ခံရခြင်းမရှိဘဲ စစ်ကောင်စီတပ်ကိုပြတ်ပြတ်သားသားတုန့်ပြန်တိုက်ခိုက်နိုင်ရန်ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြဦးဆောင်သည့် ကော်သူးလေတပ်မတော်က ယနေ့ရက်စွဲဖြင့်ထုတ်ပြန်သည်။
ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA အနေဖြင့်KNU အဖွဲ့အစည်း၏နိုင်ငံရေးဦးဆောင်မှုအပေါ် NCA စာချုပ်အားဖြင့် စစ်ရေးအရချုပ်နှောင်ခံနေရသဖြင့် စစ်ကောင်စီကိုတိုက်ခိုက်ရာတွင် အကျပ်အတည်းတချို့နှင့်ရင်ဆိုင်နေရသည်ဟု ၄င်းကဆိုသည်။
ကော်သူးလေတပ်မတော်အနေဖြင့် NCA စာချုပ်လွှမ်းမိုးချုပ်နှောင်မှုမရှိသော တော်လှန်ရေးတပ်ဖွဲ့ ဖြစ်ပြီးစစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေသည့် ကရင့်လက်နက် ကိုင်အဖွဲ့များသာမက နယ်မြေဒေသအသီးသီးရှိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များနှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း လက်တွဲပူးပေါင်းသွားပြီး စစ်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးစေရန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။
ကော်သူးလေတပ်မတော်ကို ဗိုလ်မှူးချုပ် စောနယ်ဒါးမြက စစ်ဦးစီးချုပ်အဖြစ် ဇူလိုင်လ ၁၉ ရက်နေ့က လက်မှတ်ရေးထိုးဖွဲ့စည်းခဲ့ပြီး အဆိုပါကော်သူးလေတပ်မတော်ဖွဲ့စည်းမှုကို KNU အပါအဝင် KNLA၊ KNDO တို့က လက်မခံဘဲ ကန့်ကွက်ကြောင်းအသီးသီးကြေငြာချက်ထုတ်ပြန်ခဲ့ကာ KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြကိုလည်း KNU အဖွဲ့အစည်းမှထုတ် ပယ်သည်ဟု ယမန်နေ့တွင်ထုတ်ပြန်ခဲ့သည်။