ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ အောက်တိုဘာလ ၆ ရက်

ကရင်နီပြည်နယ်တွင် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကာ တိုက်ပွဲ ၂၉ ကြိမ်တွင် စစ်ကောင်စီတပ်သား ၇၈ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း Karenni Nationalities Defense Force ထံကသိရသည်။

စက်တင်ဘာလအတွင်း စစ်ကောင်စီစစ်ကြောင်းနှင့် ယာဉ်တန်းအများအပြားသည် ဒီးမော့ဆိုမြို့နယ်မှ တစ်ဆင့် ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး ထိုမှတစ်ဆင့် ဘောလခဲမြို့နယ်အတွင်းသို့ ဝင်ရောက်ရန် ဖရူဆို-ဘောလခဲပြည်ထောင်စုလမ်းမကြီးကို အပြင်းအထန်ထိုးစစ်ဆင်နေသည့်အတွက် KNDF ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားကာ တပ်သား ၇၈ ဦးသေဆုံးခဲ့သလို အများအပြားဒဏ်ရာရခဲ့ကြခြင်းဖြစ်သည်။

” အဓိကကတော့ စစ်ကောင်စီက စက်တင်ဘာလ နောက်ဆုံးအပတ်လောက်မှာ လွိုင်ကော်ကနေ ဆင်းလာတဲ့ ယာဉ်တန်းအများအပြားက ဒီမော်ဆိုဖက်ကနေ ဖရူဆိုဖက်ကို ကူးသွားနိုင်ခဲ့တယ်။ စစ်ကောင်စီတပ်သား သေဆုံးတဲ့ထဲမှာ ဒီးမော့ဆိုကနေ ဖရူဆိုကို စစ်ကြောင်းထိုးတဲ့ တိုက်ပွဲထဲမှာ သေဆုံးတာပါတယ်။ ဖရူဆိုကနေ ဘော်လခဲကို စစ်ကြောင်းထိုးရင်းနဲ့ တိုက်ပွဲတွေဖြစ်နေတာပေါ့နော်။ အဲ့ဒီထဲက တိုက်ခိုက်မှုတွေမှာ သေဆုံးတာတွေပါတယ် ” ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ကာ တိုက်ခိုက်မှုများပြုလုပ်နေသည့်အတွက် ယခုအချိန်အထိ စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်း အစီး ၆၀ ကျော်မှာ စစ်ကောင်စီလက်အောက်ခံ ဖရူဆိုမြို့နယ်အခြေစိုက် အမှတ်(၁၄) စစ်လေ့ကျင့်ရေးကျောင်းတွင် ရပ်နားထားရပြီး ထောက်ပို့ယာဉ်တန်းများ ဖြတ်သန်းနိုင်ရန် စစ်ကောင်စီက ဖရူဆို-ဘောလခဲလမ်းမကြီးတစ်လျှောက် ခြေလျင်စစ်ကြောင်းထိုးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ဖရူဆိုမြို့ထဲမှာရှိတယ့် ကားတွေကခုချိန်ထိ ဘောလခဲဘက်ကို လုံး၀မထွက်နိုင်သေးဘူး။ ဘာလို့မထွက်နိုင်သေးလဲဆိုတော့ ဒီလမ်းကြောင်းပေါ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေသေးလို့ပေါ့နော်။ ဘောလခဲဘက် ဆင်းနိုင်ဖို့ကို သူတို့ကခြေလျင်နဲ့ လမ်းမကြီးပေါ်မှာ စစ်ကြောင်းတွေထိုးနေတယ်။ ဒီစစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်။ ကျွန်တော်တို့ကြားဖြတ်တိုက်ခိုက်တာတွေလုပ်နေတယ်။ တိုက်ပွဲတွေဖြစ်နေတော့ ဒီလမ်းမကြီးကို သူတို့မထိန်းချုပ်နိုင်သေးဘူး။” ဟု အဆိုပါပြန်ကြားရေးတာဝန်ရှိသူက ဆက်လက်ပြောသည်။

ထိတွေ့တိုက်ပွဲများအတွင်း သေဆုံးသူစစ်ကောင်စီတပ်သားအများစုမှာ တပ်မ ၆၆၊ တပ်မ ၅၅၊ ရှမ်းပြည်အခြေစိုက် စကခ ၂ တပ်ရင်း စသည့်တပ်ရင်းများမှ လက်အောက်ခံတပ်သားများ ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် အဆိုပါထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လက်နက်ငယ် ၃၆ လက်၊ လက်နက်ကြီး ငါး လက်၊ ခဲယမ်းများသိမ်းဆည်းရမခဲ့ပြီး ကား နှစ် စီးကိုလည်းမီးရှို့ဖျက်ဆီးနိုင်ခဲ့ကာ စစ်သုံ့ပန်း ငါး ဦးကိုလည်းဖမ်းဆီးရမိခဲ့ကြောင်း KNDF ထံကသိရသည်။

ဓာတ်ပုံ – KNDF
#ကရင်နီ #KNDF #တစ်လတာတိုက်ပွဲ #သေဆုံး #စစ်တပ် #Ayeyarwaddy_Times