နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၅ ရက်

အာဏာသိမ်း စစ်ကောင်စီက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ်-NCA လက်မှတ်ရေးထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နိုင်ငံရေး အနှစ်သာရရှိရှိ လုပ်ဆောင်သွားမည်ဟု ဆိုနေသော်လည်း ထိုအရာသည် တရားဝင်မှုမရှိသလို ၎င်းတို့၏ အကျပ်အတည်းများကို ရနိုင်သမျှဖြေ လျော့ရန် ကြိုးစားလာခြင်းဖြစ်ကြောင်း အမျိုသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ (EROs) နှင့် နိုင်ငံရေးလေ့လာသူများက ထောက်ပြပြောဆိုသည်။

စစ်ကောင်စီက NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို လာမည့် အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ပြီး အနှစ်သာရ ပြည့်ဝစွာဖြင့် အဓိပ္ပာယ်ရှိရှိ ကျင်းပမည်ဟု ထုတ်ဖော် ပြောဆိုထားသည်။

“တော်လှန်ရေးနဲ့ ပတ်သက်ပြီး လက်ရှိကာလမှာ ကျွန်တော်တို့ အလေးထား လုပ်ဆောင်ရမှာတွေလည်း အများအပြားရှိပါတယ်။ ပျက်ပြယ်ပြီးဖြစ်တဲ့ NCA စာချုပ် (၈)နှစ်ပြည့် အခမ်းအနားကို ရန်သူစစ်ကောင်စီက လုပ်ဆောင်ဖို့ ကြံရွယ်နေတာ အားလုံးအသိ ဖြစ်ပါတယ်။ ဒါက သူတို့အတွက် နိုင်ငံရေး၊ စစ်ရေး အကျပ် အတည်းတွေကို ရနိုင်သမျှ ဖြေလျော့ဖို့ ကြိုးစားလာတာပါပဲ” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက စစ်ကောင်စီ ပြုလုပ်ရန် ကြိုးစားနေသည့် NCA နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ပတ်သက်၍ ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့က ပြုလုပ်သည် (၃၂)ကြိမ်မြောက် အစိုးရ အဖွဲ့အစည်းအဝေးတွင် ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စစ်ကောင်စီသည် တိုင်းရင်းသားအင်အားစု ခေါင်းဆောင်တချို့ကို လှည့်စားသိမ်းသွင်းရန် ကြိုးစားနေပြီး တိုင်းရင်းသားအင်အားစုများနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ကြားတွင်ရှိသည့် ညီညွတ်မှုနှင့်စုစည်းမှုများကို သပ်လျှိုသွေးထိုးခြင်းများ လုပ်ဆောင်နေသောကြောင့် အထူးဂရုပြုရန် လိုအပ်ကြောင်းလည်း NUG ယာယီသမ္မတ က ဆိုသည်။

“လူထုရဲ့ရန်သူ စစ်တပ်ကနေ ဦးဆောင်ကျင်းပမယ့် NCA နှစ်ပတ်လည် အခမ်းအနား ကတော့ တရားဝင်မှု ကင်းမဲ့ပြီးတော့ အနှစ်သာရတွေလည်း နဂိုကတည်းက ပျက်ပြယ် ပြီးသား ဖြစ်နေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ မိတ်ဖြစ် ဆွေဖြစ် ဖြစ်မှုတွေနဲ့ ဒီအခမ်းအနားကို သွားကြတာကတော့ ကျွန်တော်တို့ ပြောစရာမရှိပါဘူး။ NCA ကို တန်ဖိုးထားရင် ကိုယ့်အဖွဲ့အစည်းမှာ ကိုယ့်ဘာသာကိုယ်လည်း လုပ်လို့ရပါတယ်။ နေပြည်တော်သွားမှ NCA အခမ်းအနား လုပ်လို့ရတာ မဟုတ်ပါဘူး” ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခင် စစ်တပ်အာဏာမသိမ်းခင်က NCA နှစ်ပတ်လည်နေ့ အခမ်းအနားများ ကျင်းပရာတွင် NCA လက်မှတ် ရေးထိုးသူအားလုံးက ပြည့်ပြည့်ဝဝဖြင့် ပူးပေါင်းဆောင်ရွက် ပါဝင်ခဲ့ကြပြီး လက်မှတ် ရေထိုးထားခြင်းမရှိသည့် EROs များလည်း တက်ရောက်အားပေး ချီးမြှင့်ကြကြောင်း သိရသည်။

လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီ ပြုလုပ်မည့် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကိုမူ သက်ဆိုင်သူအများစုက တက်ရောက်ကြမည် မဟုတ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ထံက သိရသည်။

“NCA စာချုပ် ပိုင်ရှင်တွေက တရားဝင်တဲ့ ပြည်ထောင်စု အစိုးရတွေ ဖြစ်ပါတယ်။ တရားဝင်တဲ့ လွှတ်တော်ဖြစ်ပါတယ်။ တရားဝင်တဲ့ တပ်မတော်ဖြစ်ပါတယ်။ ဒီကနေ့ စစ်အုပ်စုဟာ၊ စစ်ကောင်စီက တရားဝင်တဲ့ အစိုးရလဲ မဟုတ်ပါဘူး။ တရားဝင်တဲ့ လွှတ်တော်ကိုလဲ ကိုယ်စားပြုခြင်း မရှိပါဘူး။ တရားဝင်တဲ့ တပ်မတော်တစ်ရပ် မဟုတ်တော့ဘဲနဲ့ လူထုရဲ့ ရန်သူစစ်တပ် ဖြစ်နေပြီဖြစ်ပါတယ်” ဟု ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဆိုသည်။

စစ်ကောင်စီသည် နိုင်ငံတကာရေးရာတွင် အထူးသဖြင့် နိုင်ငံရေး၊ သံတမန်ရေးအရ တိုက်ပွဲများ၌ လုံးဝကျရှုံးနေပြီး မည်သည့်နေရာ၊ မည်သူကမျှ အသိအမှတ်ပြုခြင်း မခံရသည့်အပေါ် အလွန်အကျပ်အတည်းတွေ့၍ဒုက္ခရောက်နေကြောင်း ကရင် အမျိုးသား အစည်းအရုံး-KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ဆိုသည်။

“အဲဒါကြောင့်မလို့ သူ(စစ်ကောင်စီ)နဲ့ မသူတော်ဖြစ်တဲ့ နိုင်ငံ သုံးလေး နိုင်ငံကပဲ သူ့ကို တွန်းနေတာတော့ ကျွန်တော်တို့ သိနေတာပဲ။ အသိအမှတ် ပြုခံချင်ရင်တော့ တစ်ခုခုလုပ်မှ ဖြစ်မယ်ဆိုတော့ သူတို့ လုပ်ပြရမယ်လေ။ ဒါကြောင့် အဓိကက ဘာလဲဆိုတော့ ငြိမ်းချမ်းရေးဆိုတာကို ကြိုစားနေပါတယ်။ ငြိမ်းချမ်းရေး ရအောင် ကြိုစားနေ ပါတယ်ဆိုတာ လုပ်ပြတာ” ဟု ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

NCA စာချုပ် သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ချုပ်ဆိုခဲ့သော စာချုပ်မဟုတ်ဘဲ ထိုဥပဒေမှ ပေါ်ပေါက်လာသည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအကြား ချုပ်ဆိုခဲ့သော စာချုပ်ဖြစ်၍ လွှတ်တော်ပြင်ပ နိုင်ငံရေးဖြစ်ကြောင်း NCA စာချုပ် လက်မှတ်ရေး ထိုးရာတွင် ပါဝင်ခဲ့သည့် PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဆိုသည်။

NCA ကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၁၀ ဖွဲ့က လက်မှတ်ရေးခဲ့ သော်လည်း စစ်တပ် အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး-KNU၊ ချင်းအမျိုးသားတပ်ဦး-CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး (ABSDF) စသည့် အဖွဲ့များသည် စစ်ကောင်စီနှင့် ဆက်လက်ဆွေးနွေးခြင်း မရှိတော့ပေ။

“အင်အားကြီးအဖွဲ့တွေကတော့ NCA ထိုးတဲ့အထဲမှာ မကျန်တော့ဘူး။ ကျန်တဲ့ အဖွဲ့တွေနဲ့ပဲ ဆက်ပြီးတော့ သွားနေရတဲ့ အခြေအနေဆိုတော့ တော်တော်လေး အားပျော့တဲ့ အခြေအနေတော့ ဖြစ်နေပါပြီ။ စစ်တပ်ကတော့ NCA ဆိုတာ သူ့အတွက် ပြောရမယ်ဆိုရင်ဗျာ၊ သူစခဲ့တဲ့ ဇာတ်လမ်းလို့လည်း ပြောလို့ရတဲ့အခါကျတော့ သူကတော့ ဒါကိုပဲ ဆက်ပြီး ဆွဲကိုင်မှာပဲပေါ့” ဟု စစ်ကိုင်းဖိုရမ် ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ-RCSS အပါအဝင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်- DKBA၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ-ALP၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ -PNLO နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး-LDU တို့က စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေပြီး NCA ကိုလည်း ဆက်လက်ကိုင်စွဲထားကြောင်း သိရသည်။

“NCA ထိုးတဲ့သူရော၊ မထိုးတဲ့သူရော စစ်ကောင်စီနဲ့ သွားတွေ့နေကြတာကတော့ သက်ဆိုင်ရာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေအရ၊ နှစ်ဖက်သဘောတူညီချက်တွေအရ သွားတွေ့နေတယ်လို့ ကျွန်တော်တို့ အဲ့ဒါကိုတော့အခိုင်အမာပြောနိုင်ပါတယ်။ NCA အရ မဟုတ်ပါဘူး” ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်သည် NCA နှစ်ပတ်လည်နေ့ အခမ်းအနားအား ကြီးကျယ်ခမ်းနားစွာ လုပ်ဆောင်နိုင်ရန် ကြိုးပမ်းနေပြီး ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပြင် ပြည်ပနိုင်ငံများနှင့် တိုင်းရင်းသား ခေါင်းဆောင်များကိုလည်း ဖိတ်ကြားထားသည်ဟု သိရှိရသည်။

“ဒီဟာနဲ့ ပတ်သက်လို့ စာချုပ်တစ်ခုကဘယ်လောက်ထိ ခိုင်မာသလဲဆိုတာ ဒီစာချုပ်ကို ဘယ်သူတွေက သက်ဝင်ယုံကြည်နေသေးလဲ ဆိုတဲ့အပေါ် မူတည်တယ်။ ဒီအင်အားအရ၊ အစဉ်အလာအရတော့ အားကောင်းတဲ့အဖွဲ့တွေ မကျန်တော့တဲ့ NCA မို့ ဘာမှသိပ်ပြီး လုပ်လို့မရတဲ့ စာချုပ်တစ်ခု၊ စာရွက်တစ်ခုပဲ ဖြစ်သွားမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု စစ်ကိုင်းဖိုရမ် ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေက ဆိုသည်။

ဓာတ်ပုံ – စစ်ကောင်စီ

ပုံစာ – အောက်တိုဘာ ၂ ရက်က စစ်ကောင်စီ ပြုလုပ်သည် NCA နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး အစည်းအဝေး။

#စစ်ကောင်စီ #NCAနှစ်ပတ်လည်အခမ်းအနား #အကျပ်အတည်း #NUGယာယီသမ္မတ #EROs #Ayeyarwaddy_Times