
ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၅ ရက်
ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီ လက်အောက်ခံ လဝက ဦးစီးဌာနမှ မှတ်ပုံတင်နှင့် လဲလှယ်ကာ စမတ်ကဒ်ပြုလုပ်ပေးရာတွင် မှားယွင်းမှုများစွာ ရှိနေကြောင်း ဒေသခံများထံက သတင်းရရှိသည်။
ကန်ကြီးထောင့်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်များကို မှတ်ပုံတင် စမတ်ကဒ် စတင်ပြုလုပ်ပေးနေပြီး ကိုယ်ရေးအချက်အလက်များ ကွန်ပျူတာစက်အတွင်း ဖြည့်သွင်းရာတွင် အများစုမှာ အမည်နှင့် မွေးသက္ကရာဇ်များ မှားယွင်းနေခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။
“မှတ်ပုံတင်အတိုင်းထားတာ ဘာမှမဖြစ်ဘူး။ သူတို့အခု စမတ်ကဒ်တွေပြောင်းလဲပြုလုပ်ပေးကာမှ အမှားတွေအများကြီးဖြစ်လာတယ်။ လက်ဗွေလည်း ဘယ်ညာအကုန်နှိပ်ရတယ်။ လ၀က ကိုသွားပြီဆိုတာနဲ့ စာရွက်စာတန်းဖိုးဆိုပြီးတော့ ပိုက်ဆံတောင်းသေးတယ်။ အမှားတွေကို ပြန်ပြင်ခိုင်းဖို့လည်း လူခံမရှိရင် ရုံးထဲဝင်လို့မလွယ်ဘူး” ဟု မှတ်ပုံတင် စမတ်ကဒ်ပြုလုပ်ခဲ့သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလတွင်းကလည်း ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်တွင် မှတ်ပုံတင်စမတ်ကဒ် ပြုလုပ်ရန် အကြောင်းပြ၍ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က လူတစ်ဦးလျှင် ငွေကျပ် ၃၀၀၀ ဝန်းကျင် တောင်းယူကြောင်း ဒေသခံများကပြောသည်။
ထို့ပြင် တနင်္သာရီတိုင်းတွင်လည်း စက်တင်ဘာလမှစတင်ကာ စစ်ကောင်စီလက်အောက်ခံ ၀န်ထမ်းများအားလုံးကို ပထမ ဦးစားပေးအဖြစ် မှတ်ပုံတင် စမတ်ကဒ်များ ပြုလုပ်ပေးနေကြောင်းသိရှိရသည်။
ဓာတ်ပုံ-ပေးပို့
#ဧရာ၀တီတိုင်း #စစ်ကောင်စီလက်အောက်ခံ #လ၀က #စမတ်ကဒ်ပြုလုပ်ပေး #အမည်မွေးသက္ကရာဇ် #အများစုမှားယွင်းနေ #Ayeyarwaddy_Times