
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၅ ရက်
မြန်မာနိုင်ငံမှစားသောက်ကုန် ပစ္စည်းအမျိုးအစား ၁၈ မျိုးကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့် ရရှိရန်အတွက် တရုတ်နိုင်ငံ၊အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ထံ မှတ်ပုံ တင်ရပြီး ယခုအခါ အချို့ကုန်စည်များကို GACC ထံမတင်ရတော့ဘဲ တရုတ်နိုင်ငံရှိ China Department of Animal and Plant Quaratine ဌာနထံ ကုန်ပစ္စည်း ခုနှစ်မျိုး ကို ပြောင်းလဲလျှောက်ထားရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါပြောင်းလဲလျှောက်ထားရမည့် ကုန်ပစ္စည်းများတွင် ပဲမျိုးစုံ ကော်ဖီစေ့၊ ဟင်းသီး ဟင်းရွက်အစိမ်းများ၊ စားသုံးနိုင်သည့် အစေ့အဆန်များနှင့် ဆီထွက်အပင်များအပါအဝင် တရုတ်တိုင်းရင်းဆေး ထုတ်လုပ်သည့် တိရစ္ဆာန် ( သို့မဟုတ်) အပင်မူရင်းများတို့ ပါဝင်သည်။
ကုန်ပစ္စည်းများကို တင်ပို့သူများအနေဖြင့် ကိုယ်တိုင်လျှောက်ထားခွင့်မရှိဘဲ စိုက်ပျိုးရေးထုတ်ကုန်များ အတွက် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးဦးစီးဌာနမှ တဆင့် တရုတ်သံရုံး ( သို့မဟုတ်) တရုတ်နိုင်ငံရှိ မြန်မာသံရုံးထံ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။
အသားနှင့်အသားထုတ်ကုန်များ၊ ရေထွက်ကုန်များ၊ နို့ထွက်ပစ္စည်းများ၊ ငှက်သိုက်နှင့် ဆက်စပ်ပစ္စည်းများ၊ အစာသွပ်ရန် အသုံးပြုသည့် အပေါ်ခွံ၊ ပျားရည်နှင့်ပျားရည်ထွက်ပစ္စည်များ၊ ဥနှင့် ဥထုတ်ကုန်များ၊ စားသုံးဆီ၊ ဂျုံဖြင့်ပြလုပ်ထားပြီးစားသုံးနိုင် ( သို့မဟုတ်) အေးခဲထားသည့် ထုတ်ကုန်များအတွက် GACC ထံ လျှောက်ထားရမည်ဖြစ်သည်။
စားသုံးနိုင်သောအစေ့အဆန်များ၊ ကြိတ်ခွဲသီးနှံထွက်ကုန်များနှင့် မုယောစပါး၊ အနံအရသာအတွက် အသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များ၊ အခွံမာသီးနှင့် အစေ့အဆန်များ၊ သစ်သီးခြောက်များ အပါအဝင် အထူးအာဟာရ အစားအသောက်များ၊ ကျန်းမာရေးဖြည့်စွက်စာများကို ယခင်အတိုင်း လျှောက်ထားနိုင်မည်ဟု သိရသည်။
အဆိုပါကုန်ပစ္စည်းများထဲတွင် မပါဝင်သည် ကုန်စည်များထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းအတွက် နိုင်ငံပြတင်း ပေါက်အစီအစဉ်တွင် ကိုယ်တိုင်အကောင့်ဖွင့်ကာ တိုက်ရိုက်လျှော်ထားနိုင်မည် ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့အထိ ကုမ္ပဏီနှင့်စက်ရုံ ၁၃၈၀ ခုမှပေးပို့သည့် စောင်ရေ ၂၅၇၄ စောင်ကို မှတ်ပုံတင်ရန် လျှောက်ထားပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ပဲမျိုးစုံတင်ပို့ရာတွင် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် ခြောက် လအတွင်း အမေရိကန်ဒေါ်လာ ၆၈၂ သန်းကျော် တင်ပို့နိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
#တရုတ်တရားဝင်ကုန်တင်ပို့ရေး #GACC #ပဲမျိုးစုံ #ကော်ဖီ #ကုန်ပစ္စည်း၁၈မျိုး
#Ayeyarwaddy_Times