ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊အောက်တိုဘာလ ၅ ရက်

ထိုင်း – မြန်မာနယ်စပ် ထားဝယ်ခရိုင် ၊ ထီးခီးဒေသရှိ ကော်သူလေးအာမီ (KTLA) ၏ ယာယီစခန်းငယ်တစ်ခုကို ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့တွင် ကရင်အမျိုးသား အစည်းရုံး (KNU) တပ်မဟာ-၄ က ဝင်ရောက်စီးနင်းခဲ့ကြောင်း KTLA တာဝန်ရှိသူထံက သိရသည်။

KNU တပ်မဟာ-၄ လက်အောက်ခံ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့ ညနေ ၃ နာရီခန့်က KTLA ၏ ယာယီစခန်းငယ်ကို လာရောက်စီးနင်း၍ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတချို့ကို သိမ်းဆည်းသွားခြင်းဖြစ်ကြောင်း KTLA ထံက သိရသည်။

“ကျွန်တော်တို့က သူတို့ (KNU တပ်မဟာ-၄) လာနေတယ်ဆိုတာ ကြိုပြီး သတင်း ရတယ်။ ဒါကြောင့် အစောကြီးကတည်းက ရှောင်ထားလိုက်တယ်။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေတော့မဖြစ်ခဲ့ဘူး” ဟု ကော်သူလေးအာမီ (KTLA) ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကော်သူလေးအာမီ (KTLA) ၏ ယာယီစခန်းကို လာရောက်တိုက်ခိုက်သည်မှာ KNU တပ်မဟာ-၄ ဖြစ်ကြောင်း သိရသော်လည်း တပ်မဟာ-၄ ၏ မည်သည့် လက်အောက်ခံ တပ်ရင်း၊ တပ်ခွဲ ဖြစ်ကြောင်း မသိရှိရသေးဘဲ အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

KNU တပ်မဟာ-၄ မှ သိမ်းဆည်းခဲ့သည့် အဆိုပါစခန်းသည် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (LPDF) များ လာရောက်ချိန်တွင် တည်းခိုနေထိုင်သည့် ယာယီစခန်းငယ်တစ်ခုသာ ဖြစ်ကြောင်း KTLA ပြန်ကြားရေးတာဝန်ခံထံက သိရသည်။

” KNU တပ်မဟာ-၄ ကလာရောက်စီးနင်းချိန်က စခန်းမှာ တပ်ဖွဲ့ဝင် တချို့နဲ့ (LPDF) တပ်ဖွဲ့ဝင် တချို့သာ ရှိတယ်။ သူတို့ အင်အားဘယ်လောက်ရှိ သလဲဆိုတာ ကိုတော့ မသိရဘူး” ဟု ရဲဘော်ကိုချမ်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

KNU တပ်မဟာ-၄ တပ်ဖွဲ့ဝင်များ စခန်းစီးနင်းရန် ၀င်ရောက်လာချိန်တွင် စခန်းအတွင်းရှိ KTLA တပ်ဖွဲ့ဝင်များ ဆုတ်ခွာပေးခဲ့၍ အပြန်အလှန်ပစ်ခတ်မှုမျိုးမရှိဘဲ လက်လုပ် သေနတ်ခြောက်လက်နှင့် စစ်ဝတ်စုံ ယူနီဖောင်းများကို သိမ်းယူသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ KNU တပ်မဟာ ၄ ဘက်က တာဝန်ရှိသူများကို ဧရာဝတီတိုင်းမ် သတင်းဌာနက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။

ကရင် အမျိုးသား ကာကွယ်ရေးတပ် (KNDO) စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြ ဦးဆောင်သည့် KTLA ၏ တပ်မ တစ်ခုဖြစ်သည့် ဆာကေဆော တပ်မကို ဗိုလ်အယ်ခွီး(ကော်လာဖိုး)က တပ်မမှူးအနေဖြင့် ဦးဆောင်ကာ ထားဝယ်နှင့် ထီးခီးဒေသ တဝိုက်တွင် ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အတူ လှုပ်ရှားလျက်ရှိသည်။

ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီလ ၁ ရက်နေ့က ထားဝယ် -ထီးခီးဒေသ ဝါးတောရွာအနီးတွင် KNU တပ်မဟာ ၄ ၏ ပစ်ခတ်မှုကြောင့် KTLA ဘက်က တစ်ဦးကျဆုံးခဲ့ရပြီး ဇူလိုင်လ ၁၉ ရက်နေ့ တွင် KTLA က ပစ်ခတ်တိုက်ခိုက်ခဲ့၍ KNU တပ်မဟာ ၄ လက်အောက်ခံ KNLA ၏ စစ်ဘက်ရေးရာ ကွပ်ကဲရေးမှူး ဗိုလ်မှူးစောဖိုးစီ နှင့် တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းကလည်း ကလိန်အောင်ရှိ ကော်သူလေးအာမီ (KTLA)၏ စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း၍ မီးရှို့ဖျက်ဆီးခဲ့သည်။

ဓာတ်ပုံ – ဆာကေဆော တပ်မဟာ ကော်သူလေးအာမီ(KTLA)

#ထိုင်းမြန်မာနယ်စပ် #ထီးခီးဒေသ #ကော်သူလေးအာမီယာယီစခန်း #KNUတပ်မဟာ၄ #ဝင်ရောက်စီးနင်း #လက်နက်ခဲယမ်းအချို့သိမ်းယူ #Ayeyarwaddy_Times