ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ အောက်တိုဘာလ ၅ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ အင်းမ အခြေစိုက် တပ်မ-၆၆ တပ်ရင်းတွင် စစ်သင်တန်းတက်ပြီးပြန်လာသည့် ကြို့ပင်ကိုး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဇော်ဝမ်းကို ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့ ၊ နံနက် ၈ နာရီဝန်းကျင်တွင် သာယာဝတီခရိုင် PDF ၊ တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ-၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူးဦးဇော်ဝမ်းသည် ပျူစောထီး ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့တွင် အင်းမမြို့နယ်အခြေစိုက် တပ်မ-၆၆ မှ စစ်သင်တန်း ဆင်းကာ ပြန်လာကြောင်း ကြားသိရသည့် အတွက် တော်လှန်ရေးတပ်ဖွဲ့များက အဖွဲ့ သုံးဖွဲ့ခွဲ၍ ပစ်ခတ်ခဲ့ရာနေအိမ် အနီးတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

“သူကို့ရွာအပြင်မှာ အဖွဲ့သုံးဖွဲ့ခွဲပြီးစောင့်နေတာ။ သူကထွက်မလာတော့ ရွာထဲဝင်ပြီး လိုက်ပစ်တာ သူ့အိမ်မျက်စောင်းထိုးမှာတင်ပစ်နိုင်သွားတယ်။ သူတက်ခဲ့တဲ့ စစ်သင်တန်း‌ ကနေ အတိုတစ်လက်၊ အရှည်တစ်လက်၊ လက်ပစ်ဗုံးနှစ်လုံးရတယ်လို့ သတင်းကြား‌ရလို့ အိမ်ထဲမှာ ရှာဖို့လုပ်နေချိန်မှာ သူ့ရဲ့ပျူစောထီးအဖွဲ့ဝင် ဆယ်ယောက်လောက်ဝိုင်းလာလို့ မသိမ်းနိုင်ပဲပြန်ဆုတ်ခဲ့ရတယ်။ သူ့ဖုန်းထဲမှာတော့ စစ်ကောင်စီအဖွဲ့ဝင် တော်တော် များများနဲ့ဆက်သွယ်ထားတာတွေ့ရတယ်”ဟု PDF တပ်ရင်း ၃၈၀၂ တပ်ရင်းပြန်ကြားရေး တာဝန်ရှိသူ ဇော်ကြီးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အုပ်ချုပ်ရေးမှူးဦးဇော်ဝမ်းသည် ယခင်တော်လှန်ရေးတပ်ဖွဲ့ဝင်များ သတိပေးခဲ့၍ နှုတ်ထွက်ခဲ့သည့် အုပ်ချုပ်ရေးမှူးနေရာတွင် အစားဝင်သူတစ်ဦးဖြစ်ပြီး ၎င်း သေဆုံးအပြီး စစ်ကောင်စီအင်အား ၆၀ ဝန်းကျင် ကြို့ပင်ကိုးရွာသို့ ရောက်ရှိလာပြီး အလောင်းကို လာရောက်ယူဆောင်သွားကြောင်း သိရသည်။

သေဆုံးသူ အုပ်ချုပ်ရေးမှူးဦးဇော်ဝမ်းသည် ဒေသခံများကို ပျူစောထီးအဖွဲ့ထဲဝင်ရန် စည်းရုံးကာ စစ်ကောင်စီအတွက်အင်အားစုဆောင်းပေးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင် များ၏ သတင်းများကို ထောက်လှမ်းပေးပို့ခြင်း၊ PDFစခန်း တည်နေရာများကို သတင်း ပေးခြင်းများ ပြုလုပ်ခဲ့ပြီး ၎င်း၏ သတင်းပေးမှုကြောင့် စခန်းတိုက်ခိုက်ခံရခြင်း များလည်း ရှိခဲ့သည့် အတွက် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ကလည်း ခမရ-၆ တပ်ရင်း အတွင်းသို့ စစ်သင်တန်းတက်ရန်လာရောက်သည့် ကြယ်နီကုန်းကျေးရွာ ရာအိမ်မှူး ကိုအောင်ဝင်းလေးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သည်။

ဓာတ်ပုံ – ပေးပို့၊ ပုံစာ-သိမ်းဆည်းရမိသည့်ပစ္စည်းများနှင့် ဖုန်းအတွင်းမှ စစ်ကောင်စီနှင့် ပတ်သက်သည့် အဆက်အသွယ်များ
#အုတ်ဖို #အုပ်ချုပ်ရေးမှူး #ပစ်ခတ်ခံရ #PDF #တပ်မ၆၆ #စစ်သင်တန်း #Ayeyarwaddy_Times