နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၅ ရက်

အာဏာသိမ်း စစ်ကောင်စီသည် လက်ရှိအချိန်တွင် နယ်မြေဆုံးရှုံးမှုများ ပြားလာသဖြင့် ခိုးကြောင်ခိုးဝှက်သွားလာနေရပြီး လုံးဝထိန်းချုပ်၍မရသော မြို့များရှိသလို တစိတ် တပိုင်းဖြင့် ဆက်လက်ထိန်းနေရသည့် မြို့များလည်းရှိကြောင်း ကရင်အမျိုးသား အစည်းအရုံး-KNU ထံက သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းကို ထိန်းချုပ်နိုင်စွမ်းသည် စစ်ရေးနှင့်အုပ်ချုပ်ရေး နှစ်ခုစလုံးတွင် သိသိသာသာ မှေးမှိန် ကျဆင်းလာနေကြောင်း မကြာသေးမည် ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည့် ကရင် ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်-KPSN ၏ အစီရင်ခံစာအရ သိရသည်။

“စစ်ကောင်စီက အထူးသဖြင့် နယ်မြေဆုံးရှုံးတာတွေ များလာတယ်။ အုပ်ချုပ်ရေး ပိုင်းမှာ လက်လွှတ်ရတယ်။ မြို့တွေမှာတော့ သူလက်မလွှတ်ရသေးဘူးဆိုပေမဲ့ မြို့အုပ်ချုပ်ရေးမှာဆိုလည်း တပိုင်းတစတွေ တော်တော်များနေပါပြီ။ လုံးဝ ထိန်းချုပ်လို့ မရတဲ့မြို့တွေရှိသလို တစိတ်တပိုင်းနဲ့ ဆက်ပြီးတော့ ထိန်းနေတဲ့မြို့တွေလည်း ရှိတယ်။ တောပိုင်းဒေသ ကျေးနယ်၊ ကျေးလက်ဒေသမှာ လုံးဝသူက လက်လွှတ်ရပြီဆိုတာ ကျွန်တော်တို့ ပြောလို့ရတယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLAနှင့် မဟာမိတ်တပ်ပေါင်းစုများသည် ၎င်းတို့၏ ထိန်းချုပ်နယ်မြေများ ကို တိုးချဲ့လာပြီး ယခုအခါ စစ်ကောင်စီ၏ ရန်ကုန်နှင့် နေပြည်တော်အကြား သယ်ယူ ပို့ဆောင်ရေး ဗဟိုသွေးလွှတ်ကြောကို တိုက်ရိုက် ခြိမ်းခြောက်လာကြောင်း KPSN ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ကျွန်တော်တို့တပ်တွေ ရန်ကုန်-မန္တလေး ကားလမ်းပေါ် မရောက်ဖူးပေမယ့် အခုကတော့ ပြီးခဲ့အပတ်ကပဲ ကျွန်တော်တို့တပ်တွေ အဲဒီကားလမ်းမကြီးပေါ်ကို ရောက်နေပြီ။ ဇေယျဝတီတို့၊ ညောင်ခြေထောက်တို့ အဲ့လိုမြို့တွေအထိ တက်လာပြီးတော့ စစ်ကောင်စီက ဘာမှမတုံ့ပြန်နိုင်တဲ့ အနေအထားမှာ ရောက်သွားတယ်ဆိုတာ အဲဒါတွေက ကျွန်တော်တို့တပ်ရဲ့ အခြေအနေပေါ့” ဟု ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းများသည် သံလွင်မြစ်ကြောင်း တစ်လျှောက်၌ များများစားစားမရှိတော့သလို ထိုစခန်းများသည်လည်း မည်သို့မျှထိ ရောက်နိုင်စွမ်း မရှိတော့ကြောင်း KNU ထံက သိရသည်။

အလားတူ ပဲခူးတိုင်း၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကို KNU အနေဖြင့် ယခင်က ခက်ခက်ခဲခဲ သွားလာရသော်လည်း ယခုအခါတွင် ၇၀ ရာခိုင်နှုန်းအထက်ကို ထိန်းချုပ်ထားနိုင်သလို စစ်တောင်းမြစ် အနောက်ဘက်ခြမ်းကို ကူးလာ၍လည်း တိုက်ပွဲများ ဖော်ဆောင်နိုင်ခဲ့ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဆိုသည်။

ယင်းအပြင် KNU တပ်မဟာ(၁)နယ်မြေတွင်လည်း ကျေးလက်ဒေသများသို့ စစ်ကောင်စီ တပ်များ မသွားနိုင်တော့ဘဲ ၎င်းတို့ တပ်စခန်းရှိရာ အနီးဝန်းကျင်လောက်ကိုသာ အသွား အလာရှိကာ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီး အထူးသဖြင့် သထုံဘက်၌ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

“အဲဒီရဲ့ အောက်ဘက် ဆင်းလာပြန်တော့လည်း မော်လမြိုင်အောက်ကနေ ရေး၊ အဲအောက်ဘက်ဆို အမှတ်(၈) ပြည်ထောင်စုလမ်းမကြီး ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ နေ့တိုင်းလိုလို စစ်ဆေးရေးတွေ လုပ်နေတယ်ဆိုတာ အဲဒါလည်း သူတို့(စစ်ကောင်စီ) မလုပ်နိုင်တဲ့ အရာတွေဖြစ်တယ်။ ဘာဖြစ်လို့လည်းဆို သူတို့ အဲဒီဒေသတွေမှာ ခိုးကြောင် ခိုးဝှက် သွားနေရတယ်။ တစ်ခါတစ်လေ ရထားနဲ့ ခိုးပြီးတော့ သွားနေရတဲ့ အနေ အထားတွေ၊ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့တပ်တွေက နေ့တိုင်းစစ်ဆေးနေ တယ်”ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် ထူးထူးခြားခြား လုပ်ဆောင်နိုင်ခြင်းမရှိခဲ့သလို ပြည်သူလူထုက တော်လှန်ရေး၏ အင်အားဖြစ်သည်ဆိုခြင်းကို ယခုအခါ ကောင်းကောင်း သိရှိသွားပြီဖြစ်သည်။ အဆိုပါ အင်အားကို ပြိုကွဲရန်နှင့် ဖြိုခွဲရန် အတွက် မရမကနည်းဖြင့် ရှိသမျှ အရင်းအမြစ်များသုံးကာ နောက်ဆုံးပေါ် ခေတ်မှီဆန်းပြားသည့် လက်နက်များ၊ တိုက်လေယာဉ်များ ဝယ်ယူနေခြင်းဖြစ်ကြောင်း ပဒိုစောတောနီးက ဆက်လက်ပြောကြားသည်။

စစ်ကောင်စီက လုပ်ဆောင်မည့် ထိုအရာများသည် တော်လှန်ရေးတွင် ထိရောက်အောင် တိုက်နိုင်မည်မဟုတ်သော်လည်း ပြည်သူလူထုအား ရန်ရှာ၊ ဗုံးကြဲ လျှောက်ပစ်မည်ကို တွေ့မြင်နေရသောကြောင့် သတိဝိရိယ အမြဲတမ်းရှိကြပါရန် KNU က တိုက်တွန်းပြောဆိုထားသည်။

“သူ(စစ်ခေါင်းဆောင်)ကတော့ ရက်စက်ကြမ်းကြုတ်မှုကို ကမ်းကုန်အောင် လုပ်တော့မယ်။ ဘာပဲဖြစ်ဖြစ် သူက ရွေးစရာမရှိတဲ့အပေါ် နောက်ဆုံးကျတော့ ကိုယ့်သေတွင်း ကိုယ်တူးတဲ့အနေနဲ့ပဲ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ပြီးရင်း ကျူးလွန်၊ ကျူးလွန်ပြီးတဲ့ ဒီနွံထဲမှာပဲ နစ်သထက်နစ်ပြီးတော့ လမ်းဆုံးကို ရောက်သွားမယ်။ သူအဲဒီလမ်းကို ရွေးနေတာ ” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဓာတ်ပုံ-KNU

ပုံစာ – KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး
#စစ်ကောင်စီ #နယ်မြေဆုံးရှုံးမှုများ #ခိုးကြောင်ခိုးဝှက်သွားလာ #KNU #ပဒိုစောတောနီး #Ayeyarwaddy_Times